မယ်ဇလီဖူးသုပ်နဲ့ ဆေးပေါင်းခတဲ့ည (November,2023)

0
212

မနက်ဖြန်ကျ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့…

“ဆေးပေါင်းခတဲ့ည …. ဆေးပေါင်းခတဲ့ည…” ဆိုတဲ့ သီချင်းလေးတောင် နားထဲ ကြားယောင်လာပါပြီ။

တန်ဆောင်မုန်းလပြည့်တိုင်း စတုဒီသာတွေမှာ ဆေးဘက်၀င်အောင်ဆိုပြီး မယ်ဇလီဖူးသုပ်တွေ ထည့်ကျွေးကြ အိမ်နီးနားချင်းတွေလိုက်၀ေကြနဲ့ …. ရှိကြပါသေးတယ်။

မယ်ဇလီဖူးသုပ်ကို တန်ဆောင်မုန်းလပြည့် ကျီးမနိုးပွဲဓလေ့ (သူခိုးကြီးည) မှာ မျက်လုံးကျယ်အောင်ဆိုပြီး မိသားစုဆွေမျိုး အိမ်နီးနားချင်းတွေ မယ်ဇလီဖူးသုပ်ကို စုစားရင်း စကား၀ိုင်းဖွဲ့ပြောပြီး တစ်ညလုံးမအိပ်ဘဲ သူခိုးစောင့်ဖမ်းတာ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့ပေါ့။

ဒီမယ်ဇလီဖူးသုပ်က တကယ်ပဲ ဆေးပေါင်းခသလားဆိုတာကို သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ ကျန်းမာရေးရှုထောင့်အရ ဒီတစ်ပတ် ဖော်ပြပေးသွားပါမယ်။

မယ်ဇလီဆိုတာ ဟိုးရှေးယခင်ထဲက အရွက်၊ အခေါက်၊ ပန်း၊ အဖူး စတဲ့အစိတ်အပိုင်းတွေကို တိုင်းရင်းဆေးအနေနဲ့ အသုံးပြုခဲ့ကြတဲ့ ရာဇ၀င်တွေလည်း ရှိပါတယ်။ နောက်ပြီး အဓိဌာန်၀င်တာတို့ နတ်ဘုရားတို့ကို ပူဇော်ပသတဲ့ နေရာမှာလည်း မယ်ဇလီဖူးသုပ်ကို​ ရှေးက အသုံးပြုကြပါသတဲ့ (အခုလဲ အချို့ရပ်၀န်းတွေသုံးနေကြဆဲ)

ဒီတော့ မယ်ဇလီဖူးသုပ်ဆိုတာ ဘာလဲ…

Cassia auriculata လို့ သိပ္ပံအမည်ရတဲ့ ဒီမယ်ဇလီပင်ဟာ ထိုင်း၊ ဗီယက်နမ်တို့လို မြန်မာပြည်တစ်၀ိုက် အိမ်နီးချင်းနိုင်ငံတွေမှာလည်း တွေ့ရတဲ့အပင်ပါ။ Siamese Cassia လို့လည်း ခေါ်ကြပါတယ်။

မယ်ဇလီပင်ရဲ့ အဖူး/ အပွင့် မထွက်ခင်လေးတွေကို ခူးဆွတ်ပြီး ရေနွေးနဲ့ပေါင်း…. လက်ဖက်ထောင်းသလို ရေနွေးနဲ့ အကြိမ်ကြိမ်ဆေး၊ အခါးရည်တွေ ညှစ်ထုတ်ပစ်ပြီး အသုပ်သုပ်စားကြတာပေါ့ (လူကြီးတွေလုပ်တာက စားလို့ကောင်းပြီး ဒီထက်ပိုအသေးစိတ်လို့ မပြည့်စုံမှုရှိရင် သည်းခံပေးကြပါ)

ငယ်ငယ်က အိမ်ကလူတွေကျွေးရင် တစ်ငုံစားပြီး ထွက်ပြေးတာပေါ့… လက်ဖက်ကြိုက်ပေမယ့် သူ့ကျတော့ ဖန်စိမ့်ခါးလေးဆိုတော့ ကလေးပါးစပ်နဲ့ မကြိုက်ဘူးလေ။ သို့ပေမယ့်လည်း နှစ်တိုင်း ဒီလိုအချိန်ရောက်ရင် ဒီလိုရိုးရာလေးကိုတော့ မြတ်နိုးမိပါရဲ့…..

ဘာတွေပါ၀င်လဲ။

မယ်ဇလီဖူးမှာ antioxidant property ရှိပြီး ၊ flavonoid & polyphenol တွေ ကြွယ်၀စွာ ပါ၀င်ပါတယ်။ ဒီပစ္စည်းလေးတွေက လက်ဖက်မှာလည်း ပါ၀င်လို့ သူ့အာနိသင်တွေက လက်ဖက်နဲ့ဆင်တယ်လို့ အလွယ်မှတ်လို့ရပါတယ်။ နှလုံးသွေးကြောနံရံလေးတွေကို ပိုကျယ်အောင် လုပ်ဆောင်ပေးတယ်၊ အိုမင်းရင့်ရော်မှုကို နှေးစေတယ်၊ အစာခြေစနစ်ကို အထောက်အကူပြုတယ်၊ တချို့နေရာတွေမှာ ဆီးချိုကျစေတယ်ဆိုပြီး တိုင်းရင်းဆေးတွေမှာ သုံးတာမျိုးတွေရှိပါတယ်။

.

တကယ်စွမ်းသလား/ ဆေးပေါင်းခစေလား….

မယ်ဇလီဖူးကို အားလုံးက တန်ဆောင်မုန်းလပြည့်ညမှာ စားကြတဲ့အခါ အစားအစာတစ်ခုထက်ပိုတဲ့အဓိပ္ပါယ်အနေနဲ့ စားကြတာဖြစ်ပြီး လူတစ်ယောက်ဟာ အဲဒီညမှာ အများကြီးစားမိဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဒီတော့ ယေဘုယျပြောရရင်တော့ ဆေးပညာရှူထောင့်အရ မယ်ဇလီဖူးသုပ် စားတဲ့အခါ လက်ဖက်သုပ်စားသကဲ့သို့ အာနိသင်မျိုးပဲ ခပ်ဆင်ဆင်ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးအရ ကောင်းမွန်တဲ့အရာတွေ ပါ၀င်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ပုံမှန် ၃-၄ ဇွန်းလောက် စားရုံနဲ့တော့ နှလုံးသွေးကြောကျဥ်းတာကို ကောင်းစေတာမျိုး၊ ဆီးချိုကျသွားစေတာမျိုးတော့ ဖြစ်မှာမဟုတ်ပါဘူး။ နောက်ပြီး အစာလည်းဆေး ဆေးလည်းအစာ ဖြစ်တာကြောင့် အလွန်ကို ကျန်းမာရေးကောင်းချင်ဇောနဲ့ တစ်ညတည်း အများကြီး စားတာမျိုးကိုလည်း ရှောင်ကြဥ်စေချင်ပါတယ်။

စားနေကျ အစားအစာ မဟုတ်တဲ့အတွက် သူ့မှာပါ၀င်တဲ့ ဓာတ်သတ္တိတွေရဲ့ အာနိသင်ကို ပိုမိုပြင်းစွာ ခံစားရတာမျိုးတွေ ဖြစ်နိုင်လို့ပါ။

ဘယ်သူတွေ မစားသင့်ဘူးလဲ။

• ဆီးချိုဆေးသောက်/ ဆေးထိုးနေရသူတွေအနေနဲ့ တစ်ဇွန်း နှစ်ဇွန်းခန့်ထက် ပိုမစားသင့်ပါဘူး။ အချို့ဆေးတွေနဲ့ အာနိသင်ဆက်စပ်မှု ရှိနိုင်လို့ပါ။

ဆီးချိုဆေးတွေကိုရပ်ပြီး မယ်ဇလီဖူးကိုပဲ ဆေးအနေနဲ့ မှီ၀ဲတာမျိုးကတော့ လုံး၀ (လုံး၀) မလုပ်သင့်ပါဘူး။

• နောက်ပြီး အသည်း မကောင်းတဲ့သူတွေ၊ ကျောက်ကပ် မကောင်းတဲ့သူတွေမှာလည်း မစားသင့်ပါဘူး။

• အစာခြေစနစ် sensitive ဖြစ်တတ်သူတွေ၊ ၂ နှစ်အောက်ကလေးတွေမှာ မစားသင့်ပါဘူး။

• ကိုယ်၀န်ဆောင်တွေအနေနဲ့ကတော့ အများကြီး မစားသင့်ပါဘူး။

.

ဒါကြောင့် ရိုးရာမပျက် ဓလေ့တစ်ခုကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ဒီတစ်ညမှာ မယ်ဇလီဖူးသုပ်လေး အနည်းငယ်နဲ့သာ တူတူ၀ိုင်းဖွဲ့… အမှတ်တရတွေ ဖန်တီးပြီး ဆေးပေါင်းခတဲ့ညကို ဖော်ဆောင်ရင်း မဝေးတော့တဲ့ အောင်ပွဲတွေအတွက် ရည်စူးဆန္ဒပြုကြရအောင်ပါ။

ဆေးပေါင်းခတဲ့ညမှာ အိမ်လွမ်းသူတွေအနေနဲ့ အမြန်ဆုံး အိမ်ပြန်နိုင်ကြပါစေ… ကျန်းမာရေးလည်း လိုလေသေးမရှိ ပြည့်စုံပါစေလို့ ဆုတောင်းပေးရင်း….။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

Reference : ????

https:// www. frontiersin. org /articles/10.3389/fphar.2021.647887DOI=10.3389/fphar.2021.647887

Nutritional composition of cassia auriculata flower powder Article in Journal of Pharmacognosy and Phytochemistry · August 2020

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here