ဗိုက်ပြင်တယ်တဲ့
အရပ်ထဲမှာ အရပ်လက်သည်တွေ လုပ်နေကြတာ ကြားဖူးရုံမက ကြုံဖူးသွားပြီ။

သူတို့လက်သည်တွေက ဘယ်လိုဗိုက်ကြီးသည်တွေကို၊ ဘာရည်ရွယ်ချက်နဲ့၊ ကိုယ်ဝန်ဘယ်နှလမှာ၊ ဘယ်လိုဗိုက်ပြင်ကြသလဲတော့ ကျွန်တော်မသိဘူး။

ကျွန်တော်တို့ OG တွေသိတဲ့ ဗိုက်ပြင်တာကို ပြောပြမယ်နော်။ External Cephalic Version (ECV) လို့ ခေါ်တယ်။ မွေးဖွားခါနီး၊ နေ့စေ့လစေ့ ကိုယ်ဝန်သည်ရဲ့ ဗိုက်ထဲကကလေး (ကွန်မန့့်ကပုံမှာ ပြထားတဲ့အတိုင်း) အမေ့မွေးလမ်းကြောင်းထိပ်မှာ ကလေးဦးခေါင်းရှိမနေရင် လုပ်ခဲ့ကြတာပါ။ ကလေးခေါင်းကို မွေးလမ်းကြောင်းထိပ် ရောက်သွားအောင် အပြင်ကနေ ဗိုက်ကိုကိုင်ပြီး လှည့်ပေးတာ။ ရည်ရွယ်ချက်က ကလေးအနေအထား မှန်သွားပြီး သဘာဝအတိုင်း ရိုးရိုးမွေးဖွားဖို့။

သားအိမ်နံရံ ကြွက်သားတွေက ညှစ်အားပေးမယ်။ သားအိမ်အဝ ပွင့်လာမယ်။ သားအိမ်နဲ့ မွေးလမ်းကြောင်း တစ်ဆက်တည်း ပွင့်သွားမယ်။ ကလေးခေါင်းဆင်းလာမယ်။ စကားပုံရှိတယ်လေ။ ခေါင်းဝင်ကိုယ်ဆံ့တဲ့။ ခေါင်းထွက်သွားပြီးရင် ကလေးတစ်ကိုယ်လုံး မွေးထွက်ဖို့ သေချာပြီလေ။

ဒါကြောင့် မွေးဖွားခါနီး နေ့စေ့လစေ့အချိန်ရောက်ရင် ကလေးနဲ့ အမေနဲ့က ကွန်မန့်ကပုံမှာ ပြထားတဲ့အတိုင်း ဖင်ပြန်ခေါင်းပြန် 69 ပုံစံ ရှိနေရပါမယ်။ အဲဒီလိုရှိမနေတာကို ကလေးအနေအထား မမှန်ဘူးလို့ ခေါ်ပါတယ်။ အနေအထားမှန်သွားအောင် ဗိုက်ပေါ်ကနေ ကလေးကို လှည့်ပေးတာကို ဗိုက်ပြင်တယ် (ECV) လို့ ခေါ်ပါတယ်။

ဒါပေမယ့် ဗိုက်ပြင်တာသည် အန္တရာယ်လုံးဝမရှိသော အလုပ်မဟုတ်ပါ (ECV is not without risk)။ ဒါကြောင့် ဗိုက်ပြင်တာကို ပျောက်ဆုံးသွားသော သားဖွားခြင်းအနုပညာတွေထဲက တစ်ခုလို့ကို ဆိုနေရပါပြီ (ECV is one of the losing arts of Obstetrics)။

အခုကျတော့ ကလေးအနေအထား မမှန်ရင် မှန်သွားအောင် ဗိုက်ပြင်ပြီး ရိုးရိုးပေးမွေးမနေတော့ဘူးလေ။ ခွဲမွေးပေးလိုက်ကြတာပါပဲ။

သားဖွားပညာ ကျမ်းစာအုပ်ကြီးတွေထဲမှာ ရေးထားတာကတော့ ရိုးရိုးမွေးခြင်းထက် ခွဲစိတ်မွေးဖွားခြင်းက မိခင်အတွက် လေးဆပို၍ အန္တရာယ်များပါတယ်တဲ့။ ဒါကြောင့် ကလေးအနေအထားမမှန်တဲ့ နေ့စေ့လစေ့ကိုယ်ဝန်တွေကို အနေအထားမှန်သွားအောင် ဗိုက်ပြင်ပြီး ရိုးရိုးမွေးစေခြင်းအားဖြင့် ခွဲစိတ်မွေးဖွားရမယ့် ကိုယ်ဝန်အရေအတွက်ကို လျှော့ချချင်တာပါ။

ဒါဆို ကလေးအနေအထားမမှန်တဲ့ ကိုယ်ဝန်တွေကို ဘယ်သူက၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာတွေကြိုတင်ပြင်ဆင်ပြီး ဗိုက်ပြင်ရမလဲ။ စဉ်းစားကြည့်ရအောင်နော။

ပထမဆုံး ဘာကြောင့် ကလေးအနေအထား မမှန်ရတာလဲ ဆန်းစစ်ရပါတယ်။ သားအိမ်အဝနားမှာ အသားလုံးကြီးခံနေလို့၊ မွေးရာပါ ပုံသဏ္ဍန်မမှန်တဲ့ တစ်ခြမ်းပိန်သားအိမ်ဖြစ်နေလို့ စတာတွေ‌ကြောင့်ဆိုရင် ဗိုက်မပြင်ပါဘူး။ နေ့စေ့လစေ့ရောက်ပြီ၊ ကလေးအပြင်မှာ ရှင်နိုင်ပြီဆိုတာနဲ့ ခွဲမွေးပေးလိုက်ပါတယ်။

နောက်တစ်ခု ကိုယ်ဝန်ခုနှစ်လ၊ ရှစ်လ ကလေးအနေအထား မမှန်သေးဘူး။ စိတ်မပူပါနဲ့။ သွားပြီး ဗိုက်မပြင်လိုက်ပါနဲ့။ အကျိုးထက် အပြစ်က ပိုကြီးပါမယ်။ ကလေးက သူ့ဘာသာ ဗိုက်ထဲမှာ လှုပ်ရှားရုန်းကန်ရင်းနဲ့ မွေးမယ့်အချိန်နဲ့ကွက်တိ အနေအထားမှန်သွားတတ်ပါတယ်။ ခုနှစ်နှစ် သမီးလေးကို တင်တွေ၊ ရင်တွေ ထွားမလာသေးလို့ဆိုပြီး စိတ်ပူစရာ မရှိပါဗျ။ အချိန်တန်ရင် ထွားလာပါလိမ့်မယ်။ ဆယ့်ခုနှစ်နှစ်အထိ မထွားသေးဘူးဆိုမှ ဆေးကုပါမယ်ဗျ။

ထို့အတူပါပဲ။ ကိုယ်ဝန်ခြောက်လ၊ ခုနှစ်လ ကလေးအနေအထားမမှန်ဘူး။ ဘာမှမလုပ်ပါဘူး။ ကိုယ်ဝန်ရှစ်လခွဲ (ရက်သတ္တပတ် ၃၇ ပတ်) ပြည့်ပြီးတဲ့အထိ အနေအထားမမှန်မှ ဗိုက်ပြင်ပြီး အောင်မြင်ခဲ့ရင် ရိုးရိုးမွေးချင်ပါတယ်ဆိုမှ ဗိုက်ပြင်ကြပါတယ်။

အထက်ပါအခြေအနေတွေနဲ့ ကိုက်ညီလို့၊ လူနာကလည်းသဘောတူလို့ ဗိုက်ပြင်မယ်ဆိုရင်တောင် ငါဟဲ့ OG ဗိုက်ပြင်သူတိုင်း ရာနှုန်းပြည့် အောင်မြင်ရမယ်ဟေ့လို့ မခံယူရပါဘူးတဲ့။ ညင်ညင်သာသာ၊ အားတအားမစိုက်ထုတ်ရဘဲ၊ ကိုယ်ဝန်သည်မိခင် အနေမခက်စေရပဲ လှည့်ရုံလေးနဲ့ အောင်မြင်ပါစေတဲ့။ ခက်နေရင် ဆက်မလုပ်ပါနဲ့တဲ့။ ဗိုက်ပြင်လို့ အောင်မြင်နိုင်ခြေက ၆၀ – ၇၀% လောက်ပဲ ရှိပါတယ်တဲ့။

ဘယ်နေရာမှာ၊ ဘယ်သူက ဗိုက်ပြင်မလဲ။ ချက်ချင်းအရေးပေါ် ခွဲစိတ်မွေးဖွားနိုင်မယ့်နေရာမှာ OG က သို့မဟုတ် OG က စိတ်ချယုံကြည်လို့ တာဝန်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ပြင်ရပါမယ်။

ဗိုက်ပြင်လို့ အောင်မြင်သွားခဲ့သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လူနာကို ချက်ချင်းပြန်မလွှတ်ရပါဘူး။ နာရီဝက်/တစ်နာရီခန့် စောင့်ကြည့်ရပါတယ်။ ဗိုက်ပြင်စဉ်မှာ ကလေးချက်ကြိုးထုံးခြင်း၊ အချင်းကွာခြင်း စသည်တို့ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဗိုက်ပြင်ပြီးလျှင်ပြီးချင်း ကလေးနှလုံးခုန်သံနားထောင်ခြင်း၊ CTG စက်ရှိလျှင် ကလေးနှလုံးခုန်သံကို စက်ဖြင့်နားထောင်ခြင်း စသည်တို့ လုပ်ရပါသည်။ ကလေးနှလုံးခုန်သံကောင်းမှ ပြန်လွှတ်ရပါသည်။ မကောင်းလျှင် အရေးပေါ်ခွဲမွေးပေးရပါသည်။ မဟုတ်လျှင် ကလေးသေတတ်ပါသည်။

ထို့ကြောင့် ကိုယ်ဝန်လစေ့မှ ပြင်ပါ။ OG ကဦးဆောင်ပြင်ပါ။ အရေးပေါ် ခွဲစိတ်မွေးဖွားနိုင်သော နေရာတွင်ပြင်ပါ။ အနေအထားမမှန်ရင် ခွဲမွေးလိုက်မှာပေါ့ဆိုသော ရဲရဲတောက်ကိုယ်ဝန်သည်များ ပြင်စရာမလိုပါ။

OG နဲ့ သို့မဟုတ် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း တစ်ယောက်ယောက်နဲ့လည်း ဗိုက်အပ်ထားတယ်။ သို့သော် ရှေးမူမပျက် အရပ်လက်သည်ဆီမှာ ဘူမသိ၊ ကိုးမသိ ဗိုက်ပြင်မယ် မလုပ်ကြပါနဲ့ဗျ။ မနေ့ကပဲ လက်သည်နဲ့ ကိုယ်ဝန်ရှစ်လမှာ ဗိုက်ပြင်လိုက်လို့ ဗိုက်ထဲမှာ ကလေးသေသွားတဲ့ ဖြစ်ရပ်တစ်ခုကြားမိလို့ ဒီစာကို ရေးဖြစ်တာပါ။

ရှေးထုံးလည်း မပယ်နဲ့လို့ လာမပြောပါနဲ့။ မှားနေတဲ့အရာတွေ ပယ်သင့်ပယ်ရမှာပဲ။ ရှေးထုံးမပယ်နဲ့ဆိုရင် စစခဝေးတွေကိုလည်း တော်လှန်မနေနဲ့လေ။ လက်နက်ကိုင်အုပ်ချုပ်သူ အာဏာရှင်လက်အောက်မှာ ရှေးထုံးအတိုင်း နေကြပေါ့ဗျာ။

မဖြစ်သင့်ပဲဖြစ်သွားရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုအပေါ် ပေါက်ကွဲမိတဲ့ OG တစ်ယောက်ရဲ့ ပညာမာနနဲ့ ဂရုဏာဒေါသလို့ နားလည်ပေးပါနော…။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here