ပန်းနာရင်ကြပ်ရောဂါ (Asthma)
❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ
- ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ
- ကျဥ်းသွားတယ်ဆိုတာဟာ
(၁) လေပြွန်ရောင်ခြင်း
(၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း
(၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း
တို့ကြောင့်ဖြစ်ပါတယ်။
❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ
- ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို)
- အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း
- ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်)
- ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း
- အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း
- မတည့်သောအစာများ စားမိခြင်း(ပင်လယ်စာ၊
မြေပဲ)၊ ဆိုးဆေး၊ ရသာမှုန့်ပါသောအစာများစားမိခြင်း
- စိတ်ဖိစီးမှုများခြင်း
- အချို့သောဆေးများ(aspirin)
တို့ကြောင့်ဖြစ်စေပါတယ်။
– ကလေးတွေမှာဆိုရင်တော့ မိသားစုမျိုးရိုးမှာလည်း ပန်းနာရင်ကြပ်ဖြစ်တဲ့ရာဇဝင်ရှိတတ်ပြီး နို့ပွေး၊ နှင်းခူ၊ မနက်မနက်နှာရည်ကျတာတွေနဲ့တွဲဖြစ်တတ်ပါတယ်။
❓ရင်ကြပ်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ
- ရင်ဘတ်တင်းကြပ်ခြင်း
- မောခြင်း
- အသက်ရှူရင် တရွှီရွှီမြည်နေခြင်း
- ချောင်းဆိုခြင်း(ညဘက်တွင်ပိုဆိုးတတ်ပါတယ်)
❓ဘယ်လိုလက္ခဏာတွေပြရင် အသက်အန္တရာယ်ရှိနေပြီလဲ
❗ပြင်းထန်တဲ့ရင်ကြပ်ခြင်း(acute severe asthma)မှာဆိုရင်
- အသက်ရှူမြန်တာ
- ရင်တုန်တာ
- မောပြီး စာတစ်ကြောင်းကိုပြီးအောင်မပြောနိုင်တာတွေဖြစ်တတ်ပါတယ်။
❗အသက်အန္တရာယ်ရှိသောရင်ကြပ်ခြင်း (life threatening asthma)မှာဆိုရင်တော့
- ကယောင်ကတမ်းဖြစ်တာ၊ သတိမေ့သွားတာ
- အသက်ရှူအရမ်းနှေးသွားတာ
- အရမ်းမောပြီး နှုတ်ခမ်းနဲ့ ခြေလက်တွေ ပြာနှမ်းသွားတာ
- နှလုံးခုန်နှေးသွားတာ၊ သွေးပေါင်ကျတာစသည်တွေဖြစ်တတ်ပါတယ်။
*** ဒီလိုလက္ခဏာတွေနဲ့ကြုံလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးပို့ပေးပါ ***
❓ရင်ကြပ်တာကို ဘယ်လိုကုသကြမလဲ
✔️အဓိကကတော့ ရင်ကြပ်ခြင်းကိုလှုံ့ဆော်ပေးတဲ့အရာတွေကို ရှောင်ခြင်းဟာအကောင်းဆုံးပါ
✔️ကုသနည်းကို ရင်ကြပ်သူအပြင် အနီးအနားရှိသူတွေပါသိထားသင့်ပါတယ်
✔️ကုသနည်းကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီးအဆင့်အမျိုးမျိုးရှိပါတယ်
(၁) အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကုသနိုင်တဲ့ ဂေါက်တံရှူတာကနေစပါတယ်။
ဂေါက်တံအမျိုးအစားဟာအကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်
– ကြပ်နေတဲ့အချိန်ရှူရတဲ့ reliever
– မကြပ်အောင်ကာကွယ်တဲ့ preventer
၂မျိုးလုံးပေါင်းထားတာ တွေလည်းရှိပါတယ်
(၂) ဂေါက်တံလေးတွေနဲ့ရှူသော်လည်း မသက်သာမှသာ
သောက်ဆေးများ ထပ်ထည့်ပေးပါတယ်
❓ဒါဆိုဂေါက်တံလေးနဲ့ နည်းလမ်းမှန်အောင်ဘယ်လိုရှူကြမလဲ
– ဆေးဘူးကို ဂေါက်တံထဲ ထည့်လိုက်ပါ
– ဂေါက်တံမှာပါတဲ့အဖုံး ဖွင့်လိုက်ပါ
– ဂေါက်တံကို ဆေးအနည်မထိုင်အောင် ၂စက္ကန့်လောက် ခါလိုက်ပါ
– ဂေါက်တံကိုထောင်ပြီး ပါးစပ်နေရာကိုငုံလိုက်ပါ
– အသက်ဖြည်းဖြည်း ရှူထုတ်လိိုက်ပါ
– ခေါင်းကိုအနောက်ဖက်အနည်းငယ် မော့လိုက်ပါ
– အသက်ကိုပါးစပ်နဲ့ဖြည်းဖြည်းရှူသွင်းပြီး ရှူနေဆဲတစ်ဝက်လောက်မှာ ဆေးကိုဖိချလိုက်ပါ
– ဆက်ပြီး (၃)စက္ကန့်လောက် ပါးစပ်နဲ့အဆုံးထိအသက်ရှူသွင်းလိုက်ပါ
– ဂေါက်တံကိုပါးစပ်မှခွာပြီး (၁၀)စက္ကန့်လောက်အသက်ရှူအောင့်ထားပါ
– ပြီးမှဖြည်းဖြည်းချင်းရှူထုတ်လိုက်ပါ
– နောက်တစ်မိနစ်လောက်နေမှ လိုအပ်သလိုဂေါက်တံပြန်ရှူပါ
❗မကြပ်အောင်ကာကွယ်တဲ့ Preventer ဆေးရှူပြီးတိုင်း ပါးစပ်ကိုရေနဲ့သေချာပလုတ်ကျင်းပေးပါ
( ဆေးကကိုယ်ခံအားကျစေကာ ပါးစပ်မှာမှက်ခရုဖြစ်စေနိုင်ပါတယ် )
✔️ဂေါက်တံနှင့်တိုက်ရိုက်ရှူလို့အဆင်မပြေတဲ့သူများဆိုရင် spacer တပ်ပြီးရှူလို့လည်းရပါတယ်
❓တစ်နေ့ကို ဂေါက်တံနဲ့ ဘယ်နှခေါက်ရှူလို့ရမလဲ
- ပုံမှန်အားဖြင့်တော့ ရင်ကြပ်နေတဲ့အချိန်ဆိုရင်အကြပ်သက်သာဆေး Reliever က တစ်နေ့ကို (၄)နာရီခြားပြီး တစ်ခါရှူရင် တစ်ခေါက် နှစ်ခေါက်ထိရပါတယ်
- ရှူနေသော်လည်းမသက်သာတာ၊ ဆရာဝန်ပုံမှန်ရှူခိုင်းတာထက်ပိုရှူမှသက်သာတာ ဆိုရင်တော့ ရှူနည်းမမှန်တာ (သို့မဟုတ်) ဆေးထပ်တိုးရမှာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြန်တိုင်ပင်ပေးပါ။
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.224,225,226
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.