” ဒေါက်တာလီယိုနှင့် ဘုရားပေးတဲ့ဆေး “
ဆေးခန်းအတွင်း တိတ်ဆိတ်ခြင်းကို လူတစ်စုက ဖြိုခွင်းလိုက်သည်။
“ ကယ်ပါဦး ဆရာ။ အဖေ မူးလဲ သွားလို့ပါ။”
ဝင်လာသူများကို ကြည့်ရသည်မှာ ထူးခြားနေသည်။ ချိတ်ထမီဝတ်ကာ မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးက နှစ်ယောက်။ ပိုးပုဆိုးဝတ်ကာ စတစ်ကော်လာအင်္ကျီနှင့် အမျိုးသားက သုံးယောက်။ သူတို့ မျက်ဝန်းတွေမှာလည်း စိုးရိမ်မှုတွေ အပြည့်။
လူနာကို ခုတင်ပေါ် တင်ပြီးနောက် ဘာမှ မေးမနေဘဲသွေးပေါင်ချိန်တိုင်း၊ ဆီးချိုဖောက်လိုက်သည်။
သွေးပေါင်ချိန် 100/70 mmHg
သွေးတွင်းသကြားဓာတ် 50 mg/dl
50 % Glucose ၂လုံး ချက်ချင်းထိုးလိုက်သည်။
လူနာ သတိပြန်လည်လာသည်။
..
..
xxxxxxxxxxxxxxxxxxxxxxxxx
ယခုဖြစ်ပျက်ပုံက သည်လို။
“ လူနာက အလှူလုပ်မယ်၊ ဒုလ္လဘဝတ်မယ် ဆိုတော့ စိတ်တွေလှုပ်ရှား၊ ည အိပ်မပျော်၊ အစားကလည်း နည်းတဲ့သူဆိုတော့ ဘာမှလည်း မစားဖြစ်။ ဒီလိုနဲ့ မနက်ခင်း ဘုန်းကြီး တရားဟောတဲ့အချိန်ကျ လူရှုပ်ရှုပ်နဲ့ မွမ်းကြပ်ပြီး မူးလဲတော့တာပဲ။”
နဂိုရောဂါအနေနှင့် ထူးထူးခြားခြား မရှိပါ။
Hypoglycaemia ခေါ် သွေးတွင်းသကြားဓာတ်နည်းခြင်းဆိုသည်မှာ ဆေးခန်းသို့၊ ဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် ရောက်လာတတ်သော အခြေအနေတစ်ခုဖြစ်သည်။ ထမင်းမစားဘဲ အရက်ချည်းပဲ သောက်လေ့ရှိသော ရှက်ကီဘဲများ၊ ကျောင်းစာကို အာရုံစိုက်လွန်းကာ အစားမမှန်သော ကျောင်းသူလေးများ၊ ငှက်ဖျားရောဂါကြောင့် အဖျားတက်တတ်သူများ စသောသူများတွင် အဖြစ်များသည်။
သွေးတွင်းသကြားဓာတ်နည်းခြင်းဟု သတ်မှတ်ရန် RBS (သွေးတွင်းသကြားဓါတ်) 4mmol/l or 70mg/dl ယူနစ်နှင့် အောက်သို့ ရောက်နေရမည်။
ပုံမှန်အားဖြင့် ဆီးချိုရှိနေသူများသည် သွေးတွင်းသကြားဓာတ် မြင့်မားနေလေ့ရှိသော်လည်း ဆီးချိုဆေးများ သောက်သုံးပြီး အစာမစားဖြစ်လျှင် ဆီးချိုကျတတ်သည်။ ထိုသို့မဖြစ်ရန် သကြားလုံး (သို့မဟုတ်) ချိုသော စားစရာတစ်ခုစားရန် ဆောင်ထားသင့်ပေသည်။
အခုကိစ္စမှာလည်း လူနာမှာ အသက်အရွယ်ကြီးရင့်သည့်အပြင် အစားမဝင်၊ အိပ်ရေးပျက်နှင့် စိတ်ဖိစီးမှု များသွားတာကြောင့်လည်း ပါမည်ထင်သည်…
“ ကျေးဇူးတင်လိုက်တာ ဆရာရယ်။ အဖေကို သေတော့မယ် ထင်နေတာ။ ကျေးဇူးပါ ဆရာရယ်”
ဒေါက်တာလီယိုလည်း လူနာပေးသော ပီတိများဖြင့် ပျော်နေသည်။
“ ဆရာ့ ဆေးကလည်း စွမ်းလိုက်တာဗျာ။”
“ ဟုတ်တယ်ဗျ။ စွမ်းဆို ဘုရားပေးတဲ့ ဆေး၊ သိကြားဆေးလေဗျာ။ သကြားဓာတ်ကျနေလို့ သကြားရည် Glucose ထိုးပေးလိုက်တာပါပဲဗျာ။”
Dr လီယိုနယ်လင်းထက်
Ministry of Health,
National Unity Government.