“ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ”
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။
ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး ပိုနေတဲ့ ဆား၊ အညစ်အကြေးတွေနဲ့ ရေတွေကို ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ခြင်းဖြစ်ပါတယ်။
ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ရင် ဒီလိုစစ်ထုတ်ခြင်းကို မလုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲ မလိုတာတွေ ပိုလာတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ဆားဓာတ်တွေဟာလည်း ကျောက်ကပ်ပျက်စီးသွားရင် ဆီးထဲ အများကြီးပါသွားပြီး ဆုံးရှုံးနိုင်ပါတယ်။
ကျောက်ကပ်ဟာ ပုံမှန် လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာ albumin ဆိုတဲ့ protein တစ်မျိုးကို ဆီးထဲ မပါသွားအောင် စစ်ယူလေ့ရှိပါတယ်။ ပုံမှန်မှာ ဆီးထဲ albumin ပါတဲ့ ပမာဏဟာ အလွန်နည်းပါတယ်။
ဆီးချိုကြောင့် ကျောက်ကပ် စတင်ထိလာပြီဆိုရင် ပထမဆုံးလက္ခဏာက albumin protein များစွာ ဆီးထဲ ပါလာတာဖြစ်ပါတယ်။ ဒါကို ဆီးထဲ အသားဓာတ် များတယ်လို့လည်း ဆရာဝန်တွေက ပြောကြပါတယ်။
အစပိုင်းမှာတော့ albumin ပမာဏ 30-300 mg အတွင်းသာ ပါပြီး ဒါကို microalbuminuria လို့ ခေါ်ပါတယ်။ အသားဓာတ် အနည်းငယ်ပါခြင်းပေါ့နော်။ ရောဂါရင့်လာရင် ပရိုတင်း ဆီးထဲပါတာ ပိုများလာပြီး 300 mg ကျော်လာရင် ဒါကို Proteinuria အဆင့်လို့ ခေါ်ပါတယ်။
ဟိုးအရင်ခေတ်တွေကဆိုရင် ဆီးကို မီးအပူပေး၊ အဖြူအနယ်တွေ ကျလာရင် အက်ဆစ်အနည်းငယ်ထည့်ပြီး အသားဓာတ် ပါ/မပါ စမ်းရပါတယ်။ အခုတော့ ခေတ်မီစက်တွေနဲ့ ဆီးကို ဓာတ်ခွဲစစ်ဆေးရုံနဲ့ သိနိုင်နေပါပြီ။ ဆီးစစ်တံ Strip ပြားလေးတွေ (Dipstick) ကို ဆီးထဲနှစ်ပြီး အရောင်ကို ဖတ်ခြင်းနဲ့လည်း သိနိုင်ပါတယ်။
…
…
ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါဟာ အစောပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ကျောက်ကပ်လုပ်ဆောင်အားရဲ့ ၈၀ ရာခိုင်နှုန်း ဆုံးရှုံးရမှသာ လက္ခဏာတွေ စတင်ခံစားရပါတယ်။ လက္ခဏာတွေဟာ microalbuminuria အဆင့်မှာ မပေါ်ဘဲ proteinuria အဆင့်ရောက်မှသာ စပေါ်လာပါတယ်။
ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ ပိုဖြစ်စေနိုင်တဲ့ သူတွေကတော့...
– ဆီးချိုထိန်းမနိုင်ခြင်း
– အဝလွန်ခြင်း
– ဆေးလိပ်သောက်ခြင်း
– ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
– သွေးတိုးမထိန်းနိုင်ခြင်း
– သွေးတွင်းအဆီဓာတ်များခြင်း
– အချို့သောမျိုးနွယ်စုများ (အာရှ၊ အိန္ဒိယ၊ အာဖရိကန် လူမျိုးစုများ)
– ဆီးချို၏ အခြားနောက်ဆက်တွဲ ပြဿနာများ (မျက်စိရောဂါ၊ အာရုံကြောရောဂါ) ရှိနေများ…. အစရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါဟာ အလွန် အရေးကြီးပါတယ်။ သေချာဂရုမစိုက်ရင် ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။
Microalbuminuria အဆင့်မှာ လူနာဟာ ဆီးနည်းတာ ဖောရောင်တာ စတဲ့ ဘာလက္ခဏာမှ မရှိတာမို့ စစ်ဆေးကြည့်မှပဲ သိနိုင်ပါတယ်။
ဆီးထဲမှာ ပရိုတင်း ပါ/မပါ ဆီးစစ်ရပါမယ်။ သွေးထဲက ကျောက်ကပ်ဓာတ် Creatinine နဲ့ ကျောက်ကပ်လုပ်ဆောင်အား eGFR ကို တွက်ရပါမယ်။
ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါဟာ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ဟာ လုံးဝ အလုပ်မလုပ်တော့တဲ့အထိ ပျက်စီးပြီး ကျောက်ကပ်ဆေးရ၊ အစားထိုးရတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါတို့ကိုလည်း ပိုဖြစ်စေပါတယ်။
Microalbuminuria အဆင့်ဟာလည်း အစပျိုးရုံပဲဆိုပြီး မပေါ့သင့်ပါဘူး။ ဆီးထဲ albumin ပုံမှန်ထက် ပိုပြီးပါဝင်နေခြင်းဟာ နှလုံးနဲ့ သွေးကြောနှီးနွယ်ရောဂါတွေကို ပိုဖြစ်စေတယ်ဆိုပြီး စစ်ဆေးတွေ့ရှိချက်တွေရှိပါတယ်။
…
…
????ဘယ်လိုကုသရပါမလဲ
ဆီးချိုဖြစ်လာရင် လူအများက သွေးတွင်းသကြားဓာတ် ထိန်းဖို့တစ်ခုပဲ သတိထားတတ်ကြပါတယ်။ အမှန်တော့ အရေးကြီးတာက ဒီတစ်ခုတည်းမဟုတ်ပါဘူး။ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်တွေကိုပါ ဆီးချိုနဲ့အတူ ထိန်းနိုင်မှ ဆီးချိုရဲ့ ဆင့်ပွားရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ရောဂါတွေ အပြင် ယခု ကျောက်ကပ်ရောဂါလို ဆီးချိုနှီးနွယ် နောက်ဆက်တွဲရောဂါတွေကိုပါ လျှော့ချနိုင်ပါလိမ့်မယ်။ အဲဒီတော့ ကျောက်ကပ်ရောဂါဖြစ်မှာ ကြောက်ရင် ဆီးချို၊ သွေးတိုး၊ အဆီ သုံးခုလုံးထိန်းဖို့ လိုပါတယ်။
.
ထိန်းသိမ်းရမယ့် နည်းလမ်းများကတော့...
• ဆရာဝန် ညွှန်ကြားတဲ့ သောက်ဆေးတွေပါသလို ကျန်းမာတဲ့လူနေမှုပုံစံနဲ့ နေထိုင်ကျင့်သုံးဖို့ နည်းလမ်းတွေလည်း လိုက်နာရပါမယ်။
• ကျောက်ကပ်ရောဂါ မဖြစ်ချင်ရင် ဆီးချိုကို ပုံမှန်ဖြစ်နိုင်သမျှဖြစ်အောင် ထားရပါမယ်။
• သွေးပေါင်ချိန်ကို ၁၃၀/၈၀ အောက်မှာ ထားရပါမယ်။
• သွေးတွင်းအဆီဓာတ် ထိန်းရပါမယ်။
.
ကျန်းမာသော လူနေမှုပုံစံနည်းလမ်းများမှာ...
– ကိုယ်အလေးချိန် ချခြင်း
– ဆေးလိပ်ဖြတ်ခြင်း
– ဆားလျှော့စားခြင်း
– အရက်ကို သင့်တင့်ရုံမျှသာ သောက်ခြင်း
– ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း တို့ပါပါတယ်။
…
…
ဆားစားသုံးခြင်းဟာ တစ်နေ့ (၂) ဂရမ်/လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် မပိုသင့်ပါဘူး။
ကျွန်မတို့ မြန်မာလူမျိုးဟာ ကစီဓာတ်ကို အဓိက စားသုံးရတဲ့အထဲ ဆားစားသုံးမှုကလည်း အင်မတန်များပါတယ်။ ဟင်းချက်ရင် ဆားပါသလို ငံပြာရည်လည်းပါ၊ ထမင်းမြိန်အောင် ငပိချက်၊ ငပိရည်ဖျော်ကလည်း ပါတတ်ပါသေးတယ်။
ဆီးချိုသမားတွေအတွက် ကျောက်ကပ်ကို ထိန်းသိမ်းချင်ရင် ဒီအကျင့်တွေဟာ ပြုပြင်ရမယ့်အကျင့်တွေ ဖြစ်ပါတယ်။ ငယ်ငယ်ထဲက ဆားစားသုံးမှု များတဲ့အတွက် လျှာတွေကလည်း အငန်ဓာတ်ကို အကျင့်ဖြစ်နေတတ်ပါတယ်။ ဆားကိုလျှော့ပြီး အခြားဟင်းခတ်အမွှေးအကြိုင်လေးတွေ ထည့်ချက်တာ၊ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ဖွယ် ပစ္စည်းတွေကို ချက်တာမျိုးလုပ်ပြီး အရသာပိုရှိအောင် ချက်ကြည့်ပါ။ တဖြည်းဖြည်း အကျင့်ရလာပါလိမ့်မယ်။
သွေးတွင်းသကြားဓာတ်ကို ပုံမှန်နီးပါးချထားနိုင်ဖို့လည်း လိုပါတယ်။ အများစုအတွက် သွေးချို ၈၀-၁၂၀ mg/dL အစားမစားခင်အချိန်မှာ ရှိသင့်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ ဆီးချို လိုက်နာသင့်တဲ့ပမာဏ မတူညီတတ်လို့ ဆရာဝန်ကို သေချာမေးပါ။ သွေးချို ထိန်းဖို့ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါး အကုန်နဲ့ ထိန်းသင့်ပါတယ်။
ဆီးချိုသမားများ ကျောက်ကပ်အားနည်းလာပြီး ကျောက်ကပ်လုပ်ဆောင်အား eGFR 45 လောက်ရောက်ရင် Metformin ဆေး စပေးတာကို သတိထားရပါတော့မယ်။ eGFR 30 အောက်ဆိုရင် Metformin ဆေးကို မပေးတော့ပါဘူး။ Metformin ရဲ့ side effects ဖြစ်တဲ့ lactic acid ဓာတ်များခြင်းဟာ ကျောက်ကပ်မကောင်းတဲ့သူတွေမှာ ပိုဆိုးနိုင်လို့ပါ။ Metformin သောက်လို့ ကျောက်ကပ်ထိတာမဟုတ်၊ ကျောက်ကပ်မကောင်းတော့လို့ Metformin မပေးတော့တာပါ။
သွေးပေါင်ချိန်တက်ခြင်းဟာလည်း သွေးကြောတွေကို ပျက်စီးစေတဲ့အတွက် ဆီးချိုသမားမှာ သွေးပေါင်ချိန်ကို သေချာထိန်းဖို့လိုပါတယ်။ ဆရာဝန်က ဆီးချိုသမားနဲ့ သင့်တော်တဲ့ သွေးတိုးကျဆေးမျိုးကို ရွေးပေးပါလိမ့်မယ်။ ဆီးထဲ အသားဓာတ် ၃၀၀ mg ကျော်ပါတဲ့ ကျောက်ကပ်ရောဂါ အခြေအနေဆိုရင် ခံနိုင်ရင် သွေးပေါင်ချိန်ကို ၁၃၀/၈၀ အောက်အထိ ထားသင့်ပါတယ်။
ဆီးချိုသမားများအတွက် သောက်သုံးရန် သွေးတိုးကျဆေးများ ရွေးရင် သွေးပေါင်ကျရုံမက ကျောက်ကပ်ကိုလည်း ကာကွယ်ပေးတဲ့ ဆေးမျိုးတွေ သင့်တော်ပါတယ်။ အထူးသဖြင့် ACEI (Enalapril, Ramipril, Perindopril) , ARB (Losartan, Telmisartan စသည်) ဆေးများဟာ ကျောက်ကပ်ကနေ အသားဓာတ် မလိုအပ်ဘဲစွန့်ထုတ်မှုကို လျော့နည်းစေပြီး သွေးပေါင်လည်း ထိန်းညှိတဲ့နေရာမှာ ကောင်းတာကြောင့် ဒီနေရာမှာ သူတို့ကို ရွေးပေးလေ့ရှိပါတယ်။ ကျောက်ကပ်လုပ်ဆောင်မှုအား အလွန်အမင်းနည်းရင်တော့ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ပေးမရရင် အခြား သွေးတိုးကျဆေးများ ရွေးလို့ရပါတယ်။
ကျောက်ကပ်အတွက်ကောင်းတဲ့ နောက်ဆေးတစ်မျိူးကတော့ SGLT-2 inhibitors (Dapagliflozin , Canagliflozin, Empagliflozin) ပါ။ သူတို့က ဆီးထဲမှာ သကြားဓာတ်တွေပါပြီး ဆီးချိုကျစေတဲ့ ဆေးအမျိုးအစားဖြစ်ပြီး ကျောက်ကပ်နဲ့ နှလုံးကိုလည်း စောင့်ရှောက်ပေးတယ်လို့ သုတေသနများက တွေ့ထားပါတယ်။ ဈေးကတော့ အခြား ဆီးချိုဆေးတွေထက်စာရင် အနည်းငယ်ပိုတတ်လို့ ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိအတွက် အကောင်းဆုံးဆေးကုသမှု plan ကို ရွေးချယ်သင့်ပါတယ်။
ကျောက်ကပ်လုပ်ဆောင်အား လွန်စွာနည်းရင်တော့ ဒီဆေးကို သုံးမရပါဘူး။
…
…
သွေးတွင်းအဆီဓာတ် ထိန်းခြင်းဟာလည်း ဆီးချို သွေးတိုးနဲ့ တန်းတူ အရေးကြီးတာပါပဲ။ လူအတော်များများက သွေးတွင်းအဆီကျဆေးကို သောက်ဖို့ နှောင့်နှေးတတ်ကြပါတယ်။ ဆရာဝန်က လိုလို့ပေးထားရင်လည်း အချိန်တစ်ခုရောက်ရင် မိမိဘာသာ ရပ်လိုက်ကြတာ တွေ့ရပါတယ်။ ရေရှည်စွဲသောက်ရတာတစ်ကြောင်း၊ အရေးကြီးတယ် မထင်တာက တစ်ကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမှန်တော့ အသက် ၄၀ ကျော်ပြီး တခြားဘာမှမဖြစ်ဘဲ ဆီးချိုရောဂါရှိရင်ကို သွေးတွင်းအဆီက ချပေးရတော့မှာပါ။ မဟုတ်ရင် သွေးကြောပြဿနာတွေ ဆပွားတိုးလာနိုင်ပါတယ်။
သွေးတွင်းအဆီဓာတ် LDL cholesterol ကို 70mg/dL အထိ ချသင့်ပြီး အချို့ နှလုံး၊ လေဖြတ် စတဲ့ သွေးကြောရောဂါ ရှိသူတွေမှာ 50mg/dL အထိပါ ချဖို့ သုတေသနတွေက ညွှန်ကြားထားပါတယ်။ အဲဒါကြောင့် အဆီကိုလည်း မမေ့မလျော့ သတိထားသင့်ပါတယ်။
…
…
ဆေးဝါးတွေနဲ့အတူ လူနေမှုပုံစံပြောင်းလဲခြင်း လုပ်နေရင်း ကျောက်ကပ်ဓာတ် Creatinine ၊ ကျောက်ကပ်လုပ်ဆောင်အား eGFR နဲ့ ဆီးထဲမှာပါတဲ့ အသားဓာတ်တွေကို တိုင်းတာပြီး ကျောက်ကပ်ပျက်စီးမှုကို စောင့်ကြည့်ပါတယ်။ တကယ်လို့ အသားဓာတ်ပါဝင်မှု ပိုများလာတယ်၊ ဒါမှမဟုတ် ကျောက်ကပ်လုပ်ဆောင်အား လျော့လာတယ်ဆိုရင် ဆရာဝန်တွေက ကျောက်ကပ်ကို ထပ်မံကုသဖို့ အခြားနည်းလမ်းတွေကို လုပ်ဆောင်ပါလိမ့်မယ်။
ကျောက်ကပ်ဟာ လုပ်ဆောင်အားကျဆင်းပြီး ပျက်စီးသွားလို့ ကျောက်ကပ်ဆေးရ၊ အစားထိုးရရင် ငွေကုန်ကြေးကျလည်း အလွန်များပြီး စိတ်ပန်းလူပန်း အလွန်ဖြစ်ရပါတယ်။ လုံးဝ ပြန်လည်ကောင်းနိုင်ခြေဟာ အစားထိုးမှသာ မျှော်လင့်ချက်ရှိပါတယ်။
အဲဒါကြောင့် ကာကွယ်လို့ရတဲ့အချိန်မှာ ကျောက်ကပ်ကို ကာကွယ်ခြင်းဟာ နောင်ဖြစ်လာမယ့် ကျန်းမာရေးပြဿနာများစွာကို ကာကွယ်ခြင်းနဲ့ တူပါတယ်။
ကာကွယ်နည်းလမ်းများကတော့ ကုသနည်းလမ်းများနဲ့ တူပါတယ်။ ဆီးချို စဖြစ်တယ်၊ ကျောက်ကပ်မထိသေးဘူးဆိုကတည်းက ဒီနည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်။ ဆရာဝန်ရက်ချိန်းတွေ ပုံမှန်ပြပြီး စစ်ဆေးစမ်းသပ်ဖို့ လိုပါတယ်။ ဒါမှသာ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အစပျိုးတာကနေ ပြန်ကောင်းအောင်၊ ကျောက်ကပ်ပျက်စီးခြင်း ပိုမဆိုးအောင် ပြုလုပ်နိုင်မှာပါ။
…
…
Take Home Message အနေနဲ့ကတော့...
• ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါဆိုတာ ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်တာဖြစ်ပြီး အချို့သူများမှာ လုံးဝပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
• ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါကို ကာကွယ်ဖို့ ဆီးချိုတစ်ခုထဲထိန်းရုံနဲ့ မလုံလောက်ပါဘူး။ ဆီးချို၊သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ် သုံးခုလုံးကိုထိန်းမှ ရပါမယ်။
• ဒီလို ထိန်းသိမ်းခြင်းဟာ ကျောက်ကပ်မထိသေးသူတွေမှာ ကျောက်ကပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို၊ ကျောက်ကပ်ထိပြီးသူတွေမှာ ပိုမဆိုးအောင် ကာကွယ်နိုင်တဲ့အတွက် အထူးအလေးပေး လိုက်နာဆောင်ရွက်မှသာ နာတာရှည်ကျောက်ကပ်ဝေဒနာများ မခံစားရမှာ ဖြစ်ပါတယ်။
.
အထူးကုသမားတော်တစ်ဦး
Telekyanmar
Reference : ????
https:// www. uptodate. com /contents/diabetic-kidney-disease-beyond-the-basics#:~:text=ACE%20inhibitors%20and%20ARBs%20are,of%20diabetes%2Drelated%20kidney%20disease.
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.