ဒီနေ့ အရေးပေါ်ခွဲစိတ်မှုနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု နှစ်မျိုးလုံးလုပ်ခဲ့ရတယ်။ အရေးပေါ်ကတော့ အားလုံးသိတဲ့အတိုင်း ရုတ်ချည်းဝရုန်းသုန်းကားနဲ့ ဟော့ဟော့ဒိုင်းဒိုင်းပေါ့။

ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု (Elective operation) ကတော့ ရောဂါအကြီးအသေးနဲ့မဆိုင်၊ သူ့ဟာသူ ကြီးချင်ကြီး သေးချင်သေး ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိတာပေါ့။

သိစေချင်တာက ဒီလိုဗျ။

ဥပမာ အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမွှာကို တစ်ယောက်ချင်းစီဖြစ်သွားဖို့ ခွဲစိတ်ပေးရမယ်။ ခွဲစိတ်မှုက အကြီးကြီး။ အဲဒီခွဲစိတ်မှုကိုလုပ်နိုင်ဖို့အတွက် ဆရာဝန်အရေအတွက် ဆယ်ဂဏန်းကြီးကြီးနဲ့ ကြိုတင်ညှိနှိုင်း ပြင်ဆင်ကြရတယ်။ လနဲ့ချီကြာတာနော် ပြင်ဆင်တာနဲ့တင်။

အဲဒီလိုခွဲစိတ်မှုက အရေးပေါ် (Emergency) မဟုတ်ဘူး။ ခုချက်ချင်းခွဲမပေးလို့ လူနာမသေနိုင်ဘူး။ အားလုံးကြိုတင်ပြင်ဆင် ညှိနှိုင်းပြီးမှ ကလေးလေးနှစ်ယောက်လုံး ခွဲစိတ်မှုဒဏ်၊ မေ့ဆေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ သူတို့ရဲ့ကျန်းမာရေးနဲ့ ခံနိုင်ရည်အား အမြင့်ဆုံးဖြစ်အောင် ကလေးအထူးကုဆရာဝန်ကြီး‌တွေက တည်ဆောက်ပြီးမှ ခွဲပေးမယ့် ဆရာကြီး ဆရာမကြီးတွေ၊ မေ့ဆေးဆရာဝန်ကြီးတွေ၊ ကူမယ့်လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာမတွေကစလို့ အခြေခံအထွေ‌ထွေလုပ်သား အားလုံးပါအပါအဝင် အကြိမ်ကြိမ်အစည်းအဝေးထိုင်ပြီး အကြိမ်ကြိမ် စိတ်ကူးထဲကနေ ခွဲကြည့်ရတယ်ဗျ။

အားလုံးအဆင်သင့်ဖြစ်ပြီလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့တစ်နေ့မှ ကလေးတွေရော၊ ခွဲစိတ်ပေးမယ့် အဖွဲ့တစ်ခုလုံးရော တစ်ညလုံးအိပ်ရေးဝဝအိပ်ပြီး၊ မနက်စာစားပြီး၊ ကျန်းမာရေးအိမ်သာဝင်ပြီး၊ မနက်ရှစ်နာရီမှ စခွဲကြပါတယ်။ ခွဲစိတ်မှုကြာမြင့်ချိန် ရှစ်နာရီခန့် ကြာပါတယ်။

ဒီလိုမျိုး စနစ်တကျကြိုတင်ပြင်ဆင်ထားတဲ့ Elective operation ဆိုတာ လူနာရော၊ ခွဲစိတ်ပေးရမယ့် တစ်ဖွဲ့လုံးရော၊ အားပြည့်အင်ပြည့်ဖြစ်နေမယ့်အချိန်မှာ ခွဲရတာကို ဆိုလိုပါတယ်။ ခွဲစိတ်မှုကနေ ရရှိလာတဲ့အဖြေရလဒ်တွေကလည်း အလွန်ကောင်းပါတယ်။

အဲဒီလို ကျွန်တော်ပြောတော့ “ ခင်ဗျားတို့ ဆရာဝန်တွေက အေးအေးဆေးဆေး Elective operation ပဲလုပ်မယ်။ အရေးပေါ်ခွဲစိတ်မှုတွေကို မလုပ်တော့ဘူးလား” လို့ မေးစရာရှိပါတယ်။ လုပ်မှာပါဗျ။

မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုတဲ့ ဆိုရိုးစကားတောင်ရှိသေး။ အရေးပေါ်ခွဲစိတ်မှုလုပ်ရတာ ဆရာဝန်တွေအတွက် အမြတ်ချည်းပဲလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဆိုရိုးစကား။ သေသွားရင် မင်းတို့လူနာလာတာ နောက်ကျလို့။ ရှင်သွားရင် ဆရာတော်လို့ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ် ထင်တာပဲ။

မြန်မာနိုင်ငံသား ဆေးကုသခွင့်လိုင်စင် တရားဝင်ရထားသူ တစ်ယောက်အနေနဲ့ အဲဒီဆိုရိုးစကားကြီးကို ရှက်မိပါတယ်ဗျ။

ကျွန်တော်တွေးမိသလောက်ကတော့ အရေးပေါ်အခြေအနေအားလုံးသည် အရေးပေါ်မဖြစ်မီ ကြိုတင်ကာကွယ်နိုင်တယ်။ သေချာကာကွယ် သေချာပြင်ဆင်ပြီးမှ Elective operation အနေနဲ့ လုပ်လို့ရတဲ့ဟာတွေ အများကြီးရှိပါတယ်လို့ ဆိုလိုချင်တာပါ။

ဒီနေ့ ကျွန်တော် emergency အရေးပေါ် ခွဲမွေးပေးရတဲ့ လူနာအကြောင်း စဉ်းစားကြည့်ရအောင်။

အသက်က ၂၇ နှစ်၊ သားဦးကိုယ်ဝန်၊ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တစ်ခါမှ ကိုယ်ဝန်မအပ်။ အာထရာဆောင်းရိုက်ဖို့ဆိုတာ ဝေးရော။ ကိုယ်ဝန်ဘယ်နှလမှန်းလည်းမသိ၊ မွေးဖို့ဗိုက်နာတယ်။ အိမ်မှာတင် သူတို့ခေါ်တဲ့အရပ်လက်သည် ကျွန်တော်နာမည်ပေးထားတာက ပရဟိတအမည်ခံ ကိုယ်ကျိုးရှာ လူသတ်သမား… အဲဒီလူတွေနဲ့ မွေးနေတယ်။ ၂၄ နာရီကျော် ကြာသွားတယ်။ သူတို့ပြောတဲ့စကားအတိုင်း တွက်တာနော်။ တကယ်က ဘယ်လောက်ကြာပြီး ဘာတွေမဟုတ်တမ်းတရားလုပ်ခဲ့မှန်း ဘယ်သူမှမသိဘူး။

နောက်ဆုံးကျ ရောက်လာတာပေါ့ ကျွန်တော်တို့ဆီ။ ကျွန်တော့်ကို အကြောင်းမကြားရသေးခင်မှာပဲ လက်ထောက်ဆရာဝန်တွေက ကလေးအနေအထား မမှန်ဘူးဆိုတာ သိကြတယ်ဗျ။ ကလေးက အသက်ရှင်နေသေးလားဆိုတာလည်း ဓာတ်မှန်ဆရာဝန်က အာထရာဆောင်းနဲ့ ကလေးနှလုံးခုန်နေသလား… ခုန်နေတယ်၊ ရှင်သေးတယ် အဖြေရှာပြီးသား။ အိမ်မှာမသန့်ရှင်းတဲ့လက်တွေနဲ့ ဘယ်လောက်တောင်နှိုက်ခဲ့ပြီး ဘယ်လောက်တောင် ပိုးတွေဝင်နေသလဲ သွေးအဖြေတွေ ရပြီးသား။

ကျွန်တော်ရောက်သွားတော့ သားအိမ်ဘယ်လောက်ပွင့်နေပြီလဲ။ အောက်ကမွေးဖို့ ဖြစ်နိုင်/ မဖြစ်နိုင်စမ်းဖို့ ထမိန်လှန် ဒူးထောင်ပေါင်ကားခိုင်းပြီး စမ်းလိုက်တယ်။ ဆိုးဝါးလှတဲ့ အနံ့ကြီး။ နေ့လည်က စားထားသမျှအားလုံး အကုန်ပြန်အန်ထွက်သွားတယ်။

ကလေးက မသေသေးဘူးဆိုတော့ အရေးပေါ် emergency ဗိုက်ခွဲမွေးရတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခွဲစိတ်ခန်းက မေ့ဆေးဆရာဝန်ကြီးကစလို့ လက်ထောက်ဆရာဝန်၊ သူနာပြုဆရာမတွေ၊ အထွေထွေအလုပ်သမားအဆုံး အားလုံးက အမြန်ဆုံးခွဲနိုင်ဖို့ ပြင်ဆင်ပေးကြတယ်။ ကလေးအထူးကုဆရာဝန်ကိုပါ ခေါ်ထားလိုက်သေးတယ်။ လူနာရောက်ပြီး တစ်နာရီအတွင်းမှာ ကလေး‌မွေးထွက်သွားတယ်။ ကလေးကိုလည်း ကလေးအထူးကုဆရာဝန်က တန်းခေါ်သွားတယ်။

အခု ကျွန်တော်ဒီစာကို အေးအေးဆေးဆေး ထိုင်ရိုက်နေချိန်မှာ အလုပ်သမားတွေက အရမ်းညစ်ပတ်သွားတဲ့ခွဲခန်းကို သန့်ရှင်းရေးလုပ်နေကြလိမ့်မယ်။ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာမတွေက မွေးလူနာအမေ နေကောင်းလား၊ သွေးပေါင်ချိန်ကောင်းလား၊ သွေးဆင်းများလား စောင့်ကြည့်နေကြလိမ့်မယ်။ ကလေးဆရာဝန်ကြီးကလည်း ကလေးနေကောင်းလား စောင့်ကြည့်နေလိမ့်မယ်။

ဒါကို ကျွန်တော်က မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေလို့ ခံယူရမှာလား။ ဒီလူနာသာ ဒီတစ်ပတ်ထဲ ကျွန်တော်တို့နဲ့သာ စောတွေ့လိုက်ပါ။ အရေးပေါ်ဆိုတာ ဖြစ်မလာဘူး။ ကြိုတင်ပြင်ဆင်ထားတဲ့ အေးအေးဆေးဆေးခွဲစိတ်မှုပဲ ရှိလိမ့်မယ်။ အရာအားလုံးဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ပေါ့။

အဲဒါကြောင့် ပြောချင်တာ…
စောစောလေး ဗိုက်လာအပ်ကြပါဗျာလို့…။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here