ဒီနေ့အချိန်အခါလို အစစအရာရာကျပ်တည်းပြီး ရုန်းကန်အသက်ရှင်နေရတဲ့အချိန်မှာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးလှတဲ့ စိတ်ကျန်းမာရေးကိုလည်း အတတ်နိုင်ဆုံး ကျန်းမာအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။
နေ့စဉ် စားရေးသောက်ရေးမှစပြီး ဘဝမှာ စိတ်ဖိစီးမှုများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် အချိန်ကြာအောင် စိတ်ဖိစီးမှုများတိုးလာတဲ့အခါ စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာ များ သို့မဟုတ် နှလုံးနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာ (IBS) စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ တိုးပွားလာစေနိုင်ပါတယ်။
ကံကောင်းစွာနဲ့ ဒီလိုစိတ်ဖိစီးမှုတွေကို လွယ်လွယ်ကူကူ အခကြေးငွေမကုန်ဘဲ ဖြေရှင်းလို့ရနေတာကို သတိမပြုမိကြဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ လွယ်ကူရိုးရှင်းတဲ့ စိတ်ဖိစီးမှုသက်သာစေရန် အချို့သော ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အကြံဉာဏ်ပေးချင်ပါတယ်။
…
…
🔹မိမိကျန်းမာရေးအတွက်ကိုသာ ပဓာနဦးစားပေး၍ စားသောက်ခြင်း
စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ တစ်နေ့တာအပြီးမှာ ဘီယာတစ်ခွက်ဖြစ်ဖြစ် သောက်ဖို့ ခြေလှမ်းလှမ်းနေပါသလား။ အချို့လူတွေက စိတ်ဖိစီးမှုကို လျှော့ချဖို့ အရက်ဘီယာသောက်တာ ဒါမှမဟုတ် အစားအများကြီးစားတာနဲ့ ကြိုးစားကြပါတယ်။ ဒီလုပ်ရပ်တွေက အကူအညီဖြစ်ပုံပေါက်ပေမယ့် တကယ်တော့ ရေရှည်မှာ စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်ပါတယ်။
ဒါ့အပြင် ကော်ဖီများများသောက်ခြင်းကဲ့သို့ ကဖင်းဓာတ်များလွန်းတာကလည်း စိတ်ဖိစီးမှုကို ပိုဆိုးစေပြီး အိပ်စက်မှု အရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။ သကြားဓာတ်များတဲ့ အစားအစာတွေ၊ ဆိုဒါနဲ့ ကိတ်မုန့် စတဲ့ ကာဘိုဟိုက်ဒရိတ်တွေကိုလည်း ရှောင်ကြဉ်တာ ဒါမှမဟုတ် အများကြီးမစားဖို့ ကြိုးစားပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့၊ မျှတတဲ့ အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေ ဥပမာ ထောပတ်သီး၊ ချီယားစေ့၊ အမည်းရောင်ချောကလက်၊ ဟင်းနုနွယ်ရွက်နဲ့ ဗာဒံစေ့တွေလို အစားအစာတွေကို စားသုံးပါ။
.
🔹ဆေးရွက်ကြီးနဲ့ နီကိုတင်းထုတ်ကုန်တွေ အသုံးပြုတာကို ရပ်ပါ
နီကိုတင်းပါတဲ့ စီးကရက်၊ vape သုံးတဲ့သူတွေက အဲဒါကို စိတ်ဖိစီးမှု သက်သာစေတဲ့အရာလို့ မကြာခဏ ရည်ညွှန်းကြပါတယ်။ ဒါပေမယ့် နီကိုတင်းက ရုပ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွမှုကို တိုးမြှင့်ပြီး သွေးစီးဆင်းမှုနဲ့ အသက်ရှူမှုကို ထိခိုက်လျော့ကျစေတာကြောင့် ခန္ဓာကိုယ်ပေါ်မှာ စိတ်ဖိစီးမှုကို ပိုဖြစ်စေပါတယ်။ ထပ်ပြီး ဒါက နာတာရှည်နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တကယ်တမ်းမှာ နီကိုတင်းသုံးစွဲတာက စိတ်ဖိစီးမှုကို မလျော့ကျစေတဲ့အပြင် ခန္ဓာကိုယ်ကို ဆိုးကျိုးတောင် ပိုဖြစ်စေနိုင်ပါတယ်။
.
🔹ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာအပြင် သဘာဝအတိုင်း စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်း၊ အလေးမလေ့ကျင့်ခန်း သို့မဟုတ် ယောဂလို လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကို များများလုပ်ပါ။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ရာမှာလည်း သင့်လျော်တဲ့ goal တွေကို ချမှတ်ပြီး လုပ်ကြည့်ပါ။
အေရိုးဗစ်လေ့ကျင့်ခန်းကနေ အင်ဒိုဖင်းဆိုတဲ့ ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဓာတ်တွေက လူကို နေလို့ကောင်းစေပြီး အပြုသဘောဆောင်တဲ့ စိတ်ထားကိုလည်း ထိန်းသိမ်းပေးတဲ့ ဟော်မုန်းဓာတ်ပဲ ဖြစ်ပါတယ်။
.
🔹အိပ်စက်မှုကို ဂရုစိုက်ပါ
ဒီစကားကလည်း အားလုံးကြားဖူးနေမှာပါ။ ဒါပေမယ့် အရည်အသွေးရှိတဲ့ အိပ်စက်မှုရဖို့က အရေးကြီးပါတယ်။ အိပ်ရေးမဝတဲ့အခါ စိတ်ဖိစီးမှုက ပိုကြီးမားလာပါတယ်။ စိတ်ဖိစီးမှုများလို့ အိပ်ရာထဲမှာ အိပ်မပျော်ဘဲ လူးလှိမ့်နေရတယ်၊ နောက်နေ့မှာ အိပ်ရေးမဝတာကြောင့် ပိုပြီး စိတ်ဖိစီးလာတယ်။ ဒီလိုနဲ့ပဲ တော်တော်ဆိုးရွားတဲ့ သံသရာစက်ဝိုင်းတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တကယ်လို့ အိပ်ဖို့ စိတ်ဖိစီးလွန်းနေတယ်လို့ ခံစားရရင်၊ အိပ်ရာမဝင်ခင် ကဖင်းမပါတဲ့ ဆေးဖက်ဝင်လက်ဖက်ရည် တစ်ခွက်သောက်တာမျိုး၊ မနက်ဖြန်မှာ လုပ်စရာရှိတဲ့ ကိစ္စတွေအတွက် ကြိုတင်အစီအစဥ်ဆွဲထားတာမျိုး လုပ်ခြင်းက စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။
.
🔹ဖုန်းအသုံးပြုခြင်းကနေ ခေတ္တခဏအနားယူပါ
လူမှုကွန်ရက်တွေကို အမြဲတမ်းကြည့်ပြီး အသုံးပြုနေတာဟာ နောက်ဆုံးရသတင်းတွေကို သိထားဖို့ဆိုပေမယ့် ဒီသတင်းတွေရဲ့ သဘောသဘာဝက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုလည်း အလွန်အမင်း အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ လူမှုကွန်ရက်မှာ တခြားသူတွေရဲ့ ပြီးပြည့်စုံတဲ့ ဘဝတွေကို အချိန်များစွာ ကြည့်နေတာကလည်း မိမိကိုယ်ကိုယ် အပျက်သဘောမြင်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အလွန်အမင်း ဖုန်းသုံးမှုကို ရှောင်ကြဥ်ပြီး စာအုပ်ဖတ်တာ၊ ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်းများကို ပြန်လည်နေရာချတာ၊ အိမ်သန့်ရှင်းရေးလုပ်တာ စတဲ့ စိတ်ဖိစီးမှု သက်သာစေတဲ့ လှုပ်ရှားမှုတွေကို စမ်းကြည့်ပါ။
.
🔹မိသားစု၊ သူငယ်ချင်းများနဲ့ စကားပြောဆိုဆက်ဆံပါ
စိတ်ဖိစီးနေပြီး စိတ်ခံစားချက်တွေ မကောင်းတဲ့အခါ တခြားသူတွေကို ရှောင်ရှားဖို့ လွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ ဒါမှမဟုတ် စကားပြောတာက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး သင့်ကို စိတ်ဓာတ်ကျနေတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်အောင် အကူအညီဖြစ်စေနိုင်ပါတယ်။
.
🔹ဒိုင်ယာရီရေးကြည့်ပါ
တစ်ခါတလေ ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ ပြေးလွှားနေတဲ့ အတွေးတွေအားလုံးအတွက် ထွက်ပေါက်တစ်ခု လိုအပ်ပါတယ်။ ဒိုင်ယာရီရေးခြင်းက ကိုယ့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်လိုက်ဖို့ အရမ်းသင့်လျော်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘဝမှာရှိတဲ့ အပြုသဘောဆောင်တဲ့ အရာအားလုံးကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ခြင်းက ကိုယ့်ရဲ့ စိတ်အမြင်သဘောထားတွေကို ပြန်လည်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။
.
🔹သီချင်းဂီတ တီးခတ်နားထောင်ပါ
ရေဒီယို၊ တီဗီ၊ ဖုန်းမှာလာတဲ့ သီချင်းတွေ အော်ဆိုလိုက်တာ၊ ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတာ ဒါမှမဟုတ် တူရိယာတစ်ခုခုတီးလိုက်တာက ကိုယ့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချဖို့ အလွန်ကောင်းမွန်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း ဂန္ထဝင်ဂီတတချို့ကို ဖွင့်နားထောင်ကြည့်ပါ ဒါမှမဟုတ် ညစာပြင်ဆင်နေတုန်း ဒါမှမဟုတ် အဝတ်လျှော်ခေါက်နေတုန်း ကိုယ်အကြိုက်ဆုံး သီချင်းတွေကို နားဆင်ခံစားပါ။ ဒီလိုလုပ်တာက စိုးရိမ်ပူပန်မှုကို သက်သာစေနိုင်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တက်ခြင်းတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
.
🔹အိမ်မွေးတိရစ္ဆာန်လေးနဲ့ ပွေ့ဖက်ပါ
ခွေးနဲ့ကြောင်တွေလို လူအများချစ်ခင်နှစ်သက်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေအပြင် ဘယ်အိမ်မွေးတိရစ္ဆာန်နဲ့မဆို အတူရှိနေခြင်းက ခန္ဓာကိုယ်ရဲ့ ကော်တီစောဟော်မုန်း ထုတ်လုပ်မှုကို လျှော့ချပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန် မရှိရင်လည်း ကိုယ့်သူငယ်ချင်းရဲ့ ခွေးပေါက်လေးရဲ့ ဓာတ်ပုံ၊ အွန်လိုင်းပေါ်က ချစ်စရာတိရစ္ဆာန်တွေရဲ့ ဗီဒီယိုတွေကို ကြည့်ရုံနဲ့တောင် စိတ်ချမ်းသာစေတဲ့ ခံစားချက်တွေ ဖန်တီးလို့ရနိုင်ပါတယ်။ အဆင်ပြေရင်တော့ သူငယ်ချင်းရဲ့ ခွေးလေးကြောင်လေးတွေကို အပြင်မှာ တစ်ခါနှစ်ခါလောက် ပွေ့ဖက်ကြည့်လိုက်ပါ။
.
🔹ရယ်မောလိုက်ပါ
ရယ်မောခြင်းဟာ စိတ်ဖိစီးမှုအတွက်တော့ အကောင်းဆုံးဆေးတစ်ခွက်ပါ။ တခွိခွိရယ်တာပဲဖြစ်ဖြစ်၊ တဟားဟားရယ်တာပဲဖြစ်ဖြစ်၊ ရယ်မောခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အားရပါးရ ရယ်မောပစ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုပြီးသက်တောင့်သက်သာရှိပြီး စိတ်ခံစားချက်တွေ ပိုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကြောင်နဲ့ခွေးတွေရဲ့ ဟာသဗီဒီယိုတွေကို ကြည့်ပါ။ အကြိုက်ဆုံးဟာသဇာတ်လမ်းတွေကို ပြန်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကိုပြုံးစေတဲ့အရာတွေကို စဉ်းစားပါ။ တယ်လီကျန်းမာက ကာတွန်းလေးတွေကလည်း သင့့်ကို ရယ်မောဖို့ကူညီပေးနိုင်ပါတယ်။
.
🔹လက်တွေ့ကျတဲ့ ပန်းတိုင်တွေနဲ့ မျှော်လင့်ချက်တွေ ချမှတ်ပါ
အရာအားလုံးမှာ တစ်ပြိုင်နက် ၁၀၀% အောင်မြင်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ သတိထားပြီး ထိန်းချုပ်လို့မရတဲ့ အရာတွေကို အရှိအတိုင်းလက်ခံလိုက်ဖို့ ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံသူတစ်ယောက်လို့ ယူဆတယ်ဆိုရင်၊ သေးငယ်တဲ့ အမှားလေးတွေကိုတောင် ကျော်လွှားဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ပကတိအရှိတရားကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် လက်တွေ့ကျတဲ့ပန်းတိုင်နဲ့ မျှော်လင့်ချက်တွေ၊ သတ်မှတ်ချက်တွေ ချမှတ်ကြည့်ပါ။ ဒီအမူအကျင့်တွေဟာ ကျန်းမာရေးအတွက်လည်း သင့်တော်ပြီး မလိုလားအပ်တဲ့ စိတ်ဖိစီးမှုဖြစ်ပေါ်စေခြင်းကို ရှောင်ကြဥ်နိုင်ပါစေလိမ့်မယ်။
.
🔹မိမိကိုယ်ကို အားပေးပါ
စိတ်ဖိစီးမှုတွေ အလွန်အမင်း ခံစားနေရတဲ့အခါ ကိုယ်ကောင်းကောင်းလုပ်နိုင်တဲ့ အရာတွေကို ကိုယ်ကိုယ်တိုင် သတိပေးပါ။ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တဲ့ ပြောဆိုမှုတွေ၊ အတွေးအခေါ်တွေကို ရပ်လိုက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုမှု၊ အတွေးအမြင်တွေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ပါ။ ဥပမာ “ ငါ အခုဖြစ်ပျက်နေတဲ့ ဖိစီးမှုတွေ၊ ပြဿနာအခက်အခဲတွေကို ဖြေရှင်းနိုင်တယ်၊ ငါ လုပ်နိုင်တယ်” ဒါမှမဟုတ် “ လက်ရှိအခြေအနေတွေက ခက်ခဲနေတယ်၊ ဒါပေမယ့် ငါ့မှာ ဒီပြဿနာအခက်အခဲတွေကို ဖြေရှင်းဖို့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေ ရှိတယ်” ဆိုတဲ့ အတွေးအမြင်တွေက စိတ်ဖိစီးမှုကို ကျော်လွှားနိုင်ပါလိမ့်မယ်။
.
🔹ကိုယ့်ရဲ့စိတ်ကို အနားပေးတဲ့ အလေ့အကျင့်တွေကို လေ့ကျင့်ပါ
ကိုယ့်ရဲ့စိတ်ကို အနားပေးဖို့အတွက် နေ့တိုင်းအချိန်ယူပြီးလေ့ကျင့်တာက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့ အကူအညီဖြစ်ပြီး ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုတွေကနေ ကာကွယ်ပေးပါတယ်။ အသက်ကို ဝဝရှူသွင်းတာနဲ့ သတိပဋ္ဌာန်တရားထိုင်တာလို နည်းလမ်းတွေကို ရွေးချယ်ပြီး လေ့ကျင့်လို့ ရနိုင်ပါတယ်။ အွန်လိုင်းနဲ့ စမတ်ဖုန်းတွေမှာလည်း အများကြီး ရှာဖွေလေ့လာနိုင်ပါတယ်။
…
…
အချုပ်အနေနဲ့ စိတ်ဖိစီးမှုဟာ ဘဝမှာ အမြဲရှိနေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ဘယ်လိုလျှော့ချရမလဲဆိုတာကို သိထားခြင်းက ကျန်းမာရေးအတွက် အင်မတန် အထောက်အကူဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကိုယ်က ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲနေတယ်၊ ဝန်ထုပ်ဝန်ပိုးများနေတယ်လို့ ခံစားရတယ် ဒါမှမဟုတ် စိတ်ဖိစီးမှုသက်သာစေတဲ့ နည်းလမ်းတွေက အလုပ်မဖြစ်ဘူးလို့ သတိပြုမိရင် ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးဖို့ အချိန်တန်ပါပြီ။ နာတာရှည်စိတ်ဖိစီးမှုက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုသာမက ကျန်းမာရေးပြဿနာများစွာကိုလည်း ဖြစ်စေနိုင်တယ်ဆိုတာကို အမြတမ်းသတိရပါ။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးပုံစံဖြစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ နေ့စဉ်စိတ်ဖိစီးမှုအဆင့်တွေကို စောင့်ကြည့်ပြီး ဂရုစိုက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်…..။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.