ကျွန်မ ဒေါက်တာမီပါ…
တယ်လီကျန်းမာရဲ့ပိုစ့်တွေ/စာတွေ ပုံမှန်ဖတ်နေသူတွေဆိုရင် ကျွန်မရဲ့ စိတ်အာဟာရ စာစုလေးတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။
ဒီတစ်ခေါက်တော့ ကျွန်မက စိတ်ခွန်အားပေးဖို့မဟုတ်ဘဲ စာဖတ်သူတို့ကို ရင်ဖွင့်ချင်တာပါ။
ဒီလိုပါ…
၂၀၂၁ မှာ ကျွန်မ CDM လုပ်ပြီးနောက်ပိုင်း ဘဝရဲ့ အချိုးအဆစ်များစွာကို ကြုံခဲ့ရပါတယ်။အထူးသဖြင့် ဆုံးရှုံးမှုတွေ၊ အိပ်မက်တွေပျောက်ဆုံးမှုတွေပေါ့။
အဲဒီထဲမှာ အဆိုးဆုံးက စိတ်ဓာတ်ကျတဲ့ရောဂါ…
စိတ်ကျရောဂါ (Depression) ပေါ့။
၂၀၂၁ မတ်လမှာ ဝန်ထမ်းအဆောင်ကနေ ဆင်းခဲ့ရတယ်။ ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေစုဆောင်းထားတာလေးတွေ ထားပစ်ခဲ့ရတယ်။ ဘယ်သူမှ မသိလောက်မယ့်နေရာမှာ အခန်းလေးငှားနေရင်း စိတ်လုံခြုံမှုတွေ ကင်းမဲ့ခဲ့တယ်။
ကြိတ်ငိုရတာအခါခါ ..အားတင်းရတာအခါခါ။
အဲဒီကြားထဲ ဆန္ဒတွေပြလိုက်၊ ကျည်ဆန်တွေကြား ပြေးလိုက်လွှားလိုက်၊ ပုန်းလိုက်ကွယ်လိုက်နဲ့ နေ့ရက်တွေလည်း ရှိခဲ့တာပေါ့လေ။
နောက်ပိုင်းကျတော့လည်း နေ့စဉ်ထပ်တလဲလဲ ခေါက်ရိုးကျိုးနေတဲ့ ဘဝကြီးမှာ မိုးလင်းကနေ မိုးချုပ် အရာရာဟာ အဓိပ္ပါယ်မဲ့နေခဲ့သလိုပဲ။
ညညဆို အသံကြားတိုင်း ထကြည့်ရတဲ့ဘဝ၊ စိုးထိတ်နေရတဲ့ဘဝ။ (ပြည်တွင်းက ကြုံဖူးကြတဲ့သူတွေဆို ဒီခံစားချက်ကို နားလည်မယ်ထင်ပါတယ်)
ကျွန်မနေတဲ့နေရာက မြစ်ကမ်းနဲ့နီးတယ်။
စက္ကန့်ပိုင်းလေး လမ်းလျှောက်သွားရုံပဲ။
ခုန်ချလိုက်ရမလားလို့လည်း အခါခါတွေးတယ်။
လွတ်မြောက်သွားမလားပေါ့ ….။
မိသားစုတွေကို လွမ်းတယ်။ လုပ်ဖော်ကိုင်ဖက်တချို့ကို လွမ်းတယ်။ သူငယ်ချင်းတွေကို လွမ်းတယ်။
တချို့က မရှိကြတော့ဘူး။ တချို့က အထဲမှာ ..။
ကိုယ်ကမှ အသက်ရှိနေသေးတာပဲလို့ ဖြည့်တွေးတယ်။
သူတို့ကိုအားနာလို့၊ ရှက်လို့ ကိုယ်ခံစားနေရတာတွေကို ထုတ်မညည်းဖြစ်ဘူး။ ရင်မဖွင့်ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ မျိုသိပ်ပါများတော့ တစ်စတစ်စ စိတ်က အကျဘက်ပိုရောက်လာတယ်။
ထိုင်နေရင်းနဲ့ မျက်ရည်ကျတယ်။
အတွေးမယ်မယ်ရရမရှိဘဲ မျက်ရည်ကျတယ်။
ဘာဆိုဘာမှ မလုပ်ချင်တော့ဘူး။
မစားချင်တော့ဘူး၊ မအိပ်ချင်တော့ဘူး။
ဘာကိုမှ အာရုံစိုက်လို့လည်းမရသလို လူတွေနဲ့လည်း မတွေ့ချင်တော့ဘူး။
စကားလည်း မပြောချင်တော့ဘူး။
စိတ်ကျရောဂါ (Depression) ဆိုတာ အဲဒီလိုကနေ စပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးခံစားနေရတဲ့ ဒုက္ခတွေနဲ့ယှဉ်ရင် ကျွန်မရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ တအားရင်နာစရာမကောင်းပါဘူး။ ဇာတ်လည်းမနာပါဘူး။ ဒါပေမယ့် စိတ်ကျရောဂါဆိုတာ ကြုံတွေ့ရတဲ့ဖြစ်ရပ် အတိမ်အနက်တွေနဲ့မဆိုင်ဘဲ အချိန်မရွေး၊ နေရာမရွေး ကိုယ့်ဆီရောက်လာတတ်တာကို သိစေချင်တာပါ။
ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိပြုမိလိုက်တဲ့အချိန်က နောက်မကျသေးဘူးလို့ ဆိုရမှာ။ ကျွန်မကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ကုသစောင့်ရှောက်မှုပေးနေသူဖြစ်ပေမယ့်လည်း ကိုယ်တိုင် နှစ်သိမ့်ဆွေးနွေးပေးမှု (Counseling) ယူခဲ့ရပါတယ်။ ပုံမှန်ဖြစ်ဖို့ ကာလအတော်ကြာ ပြန်တည်တည်ဆောက်ခဲ့ရတယ်။
တစ်စုံတစ်ယောက်ရဲ့ အကူအညီလိုအပ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ ရင်ဖွင့်ဖို့အတွက် အားယူခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ဖို့ ခံစားချက်တွေကို ချရေးတယ်။ အရင်ကသတိမထားမိခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ကို မြင်တတ်ခံစားတတ်အောင် လေ့ကျင့်ယူခဲ့ရတယ်။
အခုတော့ ကိုယ်တိုင်က သူများကို စိတ်ခွန်အားပေးနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။
ပြန်ချုံ့ရရင် စိတ်ကျရောဂါဆိုတာ လူတိုင်းဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ် ။
ကိုယ့်စိတ်လေး မကျန်းမမာဖြစ်လာတာကို သတိထားမိတာနဲ့ တစ်ပြိုက်နက် ယုံကြည်ရသူတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ အားမနာပါနဲ့။ ကိုယ့်အပူ သူများကူးမယ်လို့လည်း မတွေးပါနဲ့။ ကျွန်မတို့ဟာ အချင်းချင်းမှီခိုနေထိုင်ရတဲ့ လူထဲက လူတွေပဲဖြစ်ပါတယ်။ အကူညီယူဖို့ကိုလည်း မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ပါနဲ့။
ပြောနေကျစကားအတိုင်း ကျွန်မတို့အားလုံးဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပြီးသားမို့…
ဘဝမှာ တစ်ခါလောက်တော့ ရင်ဖွင့်ကြည့်လိုက်ပါလို့ လက်တွေ့ကြုံခဲ့ရတဲ့ အကြံကောင်းလေး ပေးလိုက်ပါရစေနော်….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာ မီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.