Hello
ကျွန်တော် Dr Harry ပါ။
ဒီတစ်ခါ စာရေးဖို့အချိန်ရောက်လာတာနဲ့ ရေးစရာ အကြောင်းအရာကလည်း ကွက်တိကျနေတာနဲ့ မှတ်တမ်းလေးလည်းကျန်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။
Case ကတော့ ထုံးစံအတိုင်း ကလေးမွေးတဲ့ကိစ္စပါပဲ။ ဒါပေမယ့် ပုံမှန်မွေးနေကျလိုမဟုတ်ဘဲ သုံးမွှာပူးဖြစ်နေတာပါ။
လူနာက စစ်ရှောင်ပါ။ အသက် ၃၆ နှစ် လေးကြိမ်မြောက်ကိုယ်ဝန်ကို ကျွန်တော့်ဆေးခန်းမှာ ဇွန်လ လောက်က ကိုယ်ဝန်စအပ်ပါတယ်။ သူ ရာသီပျောက်တဲ့ရက်နဲ့ဆို ကိုယ်ဝန်က အပတ် ၂၀ ဝန်းကျင်ပေမယ့် သူ့ဗိုက်က ၃၄ ပတ်အရွယ်လောက် ဖြစ်နေပါတယ်။
စမ်းကြည့်တော့လည်း အမွှာကိုယ်ဝန် သံသယရှိတာနဲ့ တစ်ခါတည်းပဲ အာထရာဆောင်းရိုက်ပေးလိုက်ပါတယ်။
စကြည့်တော့ ပုံမှန်အမွှာပဲထင်ပြီး နောက် ကြည့်ရင်းနဲ့မှ ခေါင်းကသုံးလုံးဖြစ်နေမှန်း သတိထားမိလိုက်တယ်။
ကိုယ်လည်း သုံးမွှာပူးကို အာထရာဆောင်းမှာ ပထမဆုံးအကြိမ် ကြည့်ဖူးတာပါပဲ။ အဲဒါနဲ့ ကလေးတစ်ယောက်ချင်းဆီကို အသေးစိတ်ကြည့်ပြီး ကိုယ်အလေးချိန်တွေနဲ့ ခန့်မှန်းမွေးဖွားရက်တွေကို သေချာလေးတိုင်းကြည့်ပါတယ်။ ကလေးသုံးယောက်လုံးက အရွယ်အစားညီပြီး ၁၉ ပတ်ခန့်ဝန်းကျင်လောက် ရှိကြပါတယ်။
ပြီးတာနဲ့ လူနာရော သူ့ အမျိုးသားရောကို တစ်ခါတည်းရှင်းပြပြီး သုံးမွှာပူး ဖြစ်နေတဲ့အတွက် ပုံမှန်ထက် အန္တရာယ်ပိုများတာကြောင့် မြို့မှာ OG နဲ့ ကိုယ်ဝန်အပ်ပြီး သေချာပြင်ဆင်ပြီးမွေးဖို့ အကြံပေးရပါတယ်။
နာရီဝက်လောက် ပါးစပ်အမြှုပ်ထအောင် ရှင်းပြပြီးသကာလမှာ နှစ်ယောက်လုံးက ငြင်းပါတယ်။ မြို့မသွားနိုင်ပါဘူးတဲ့။ ကိုယ်လည်း ဒီမှာမွေးလို့မရကြောင်းရှင်းပြပါတယ်။ ခွဲမွေးပေးတယ်ဆိုပေမယ့်လည်း သုံးမွှာပူးကို တာဝန်ယူဖို့ရာကျတော့ ဘယ်လိုပဲတွေးတွေး အဆင်ပြေမနေပါဘူး။ OG လည်းမဟုတ်၊ မေ့ဆေး လည်း သေချာမရှိ၊ ကလေးဆရာဝန်လည်းမရှိနဲ့ အကုန်လုံးကို ကိုယ်တစ်ယောက်ထဲ တာဝန်ယူဖို့ရာ ကတော့ အရမ်းကို မိုက်မဲလွန်းရာကျနေပါတယ်။
မရွှေချောကတော့ ပြတ်ပြတ်သားသားပဲ။ ကျွန်မက ဒီမှာ ဆရာနဲ့ပဲမွေးမှာ။ စိတ်က ဒီမှာပဲအားသန်တယ်တဲ့ 🥴
မွေးဖို့က သုံးလကျော် လေးလလိုသေးတော့ လူနာကို အခုချက်ချင်းမသွားနိုင်သေးလည်း နီးလာရင်တော့မြို့သွားမွေးနိုင်ဖို့ ကြိုးစားသင့်ကြောင်း ရှင်းပြပြီး OG နဲ့ သွားမပြနိုင်ခင် ဒီမှာပုံမှန်ဗိုက်အပ်ဖို့မှာပြီး ပြန်လွှတ်လိုက်ပါတယ်။
သူ ပုံမှန်ဗိုက်လာအပ်တိုင်း ကိုယ်နဲ့ပြဖို့ ဆေးခန်းက ကလေးတွေကို သေချာမှာထားပြီး လာတိုင်း အာထရာဆောင်းပြန်ရိုက်ပြီး စောင့်ကြည့်နေရပါတယ်။
လာပြတိုင်းလည်း မြို့မှာ OG နဲ့ သွားပြဖို့ကို အကြိမ်တိုင်းတိုက်တွန်းရပါတယ်။ လူနာကတော့ မသွားနိုင်ဘူးဆိုပြီး ခပ်ပြုံးပြုံးလေးပါပဲ။
ဗိုက်အပ်တဲ့အကြိမ်ရေ များလာတာနဲ့အမျှ ကိုယ်ရဲ့ အပူလုံးကလည်း တဖြည်းဖြည်း ကြွလာပါပြီ။ မဗိုက်ကတော့ သွားဖို့ပြောတိုင်း ဆရာနဲ့ပဲမွေးမှာဆိုတာကက နေ တစ်ပြားမှမလျှော့ပါဘူး။ စစ်ရှောင်မို့ ဘာတစ်ခုမှ အဆင်မပြေဘူး၊ သွားလည်းမသွားနိုင်ဘူးဆိုပြီး ခေါင်းမာနေတုန်းပါပဲ။
အဲဒီလိုနဲ့ ကိုယ်ဝန်အပတ် ၃၀ လောက်မှာ ကိုယ် အကြိတ်အနယ်နဲ့ သေချာထပ်ရှင်းပြရပြန်ပါပြီ။ သူ့အဖြေကတော့ မပြောင်းပါဘူး။ ကျွန်မစိတ်ထဲကကို က ဒီမှာပဲ မွေးချင်တာပါတဲ့။
ကိုယ်လည်း ခေါင်းကျိန်းစပြုလာပါပြီ။ သုံးမွှာပူးဟာ ဘယ်လိုမှ ရိုးရိုးမွေးဖို့မဖြစ်နိုင်ပါဘူး။ သေချာပေါက် ခွဲမွေးရမှာပါ။ သူ့အဖြေမပြောင်းတော့ ကိုယ်မှာရှိတဲ့ တောထဲကခွဲခန်းနဲ့ facilities တွေနဲ့ သုံးမွှာပူးကိုယ်ဝန်ကို ခွဲမွေးပေးဖို့မဖြစ်နိုင်ဘူးလို့ တွေးထားပြီးသား ကိုယ့်အတွေးကို နောက်တစ်ကြိမ် ပြန်တွေးကြည့်ရပါတယ်။
အကြိမ်ကြိမ် စိတ်ကူးနဲ့ခွဲကြည့်ပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို အသေးစိတ်စဉ်းစားကြည့်ပါတယ်။ ကိုယ်စိတ်ထဲမှာလည်း လုံးဝ မဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူးဆိုပြီး ပထမဆုံးအကြိမ် တွေးမိလာပါတယ်။
နောက်တစ်ပတ် သူဗိုက်လာပြတော့ မြို့ကို လုံးဝမသွားနိုင်တော့တာသေချာလား ထပ်မေးကြည့်ပါတယ်။ လူနာရော သူ့ယောက်ျားရော အဖြေအတူတူပါပဲ။ ခက်ခဲကြတယ်ဆိုပေမယ့် ကိုယ်လည်း သူတို့ဘာကြောင့်များ အဲဒီလောက်ယုံကြည်စိတ်ချပြီး ဒီမှာမွေးဖို့ကို ဆုံးဖြတ်ရဲကြသလဲ နားမလည်နိုင်ပါဘူး။
ခွဲစိတ်မွေးတဲ့အခါ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို သူတို့နားလည်အောင် သေချာအသေးစိတ်ရှင်းပြပါတယ်။ ပထမဆုံးအနေနဲ့ကတော့ လမစေ့ဘဲ မွေးရနိုင်ခြေ အလွန်များပါတယ်။ ကလေးတွေ လမစေ့၊ ပေါင်မပြည့်ဘဲထွက်လာရင် မြို့ပေါ်မှာတောင် မနည်းရုန်းကန်ရမှာကို ဒီဆေးခန်းအနေအထားနဲ့ဆို အသက် ရှင်ဖို့ ခက်ခဲပါမယ်။
နောက် အမေမှာ သွေးသွန်နိုင်ခြေများပါတယ်။ မွေးဖွားစဉ် သားအိမ်ထိခိုက်မိပြီး အခန့်မသင့်ရင် သားအိမ်ထုတ်ရနိုင်ခြေ ရှိပါတယ်။ အဆိုးဆုံးအနေနဲ့ အသက် အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။
နောက် ပုံမှန်ထက် ဗိုက်အရွယ်အစား အလွန်ကြီးတာကြောင့် ခါးရိုးထုံဆေးထိုးရာတွင်လည်း အန္တရာယ်ပိုများပါတယ်။
ကလေးတွေကလည်း သုံးယောက်တစ်ပြိုက်နက် ထွက်လာမှာဆိုတော့ တစ်ခုခုမကောင်းခဲ့ရင် သုံးယောက်လုံးကို အချိန်မီကယ်ဖို့ မမီတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒီအန္တရာယ်တွေ အများကြီးရှိလို့ OG၊ မေ့ဆေး၊ ကလေးအထူးကုများ အစုံအလင်နဲ့ မြို့မှာမွေးစေချင်ကြောင်း တိုက်တွန်းရပြန်ပါတယ်။ ဘယ်လိုရှင်းပြပြ လူနာကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်ပါဘူး။
ကိုယ့်မှာ OG လည်းမဟုတ်ဘဲ တခြားဘာသာ ဘွဲ့လွန်တက်နေရင်း မအိမ်လုံးကောင်းမှုနဲ့ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ပြီး တစ်လောကလုံးကဗိုက်တွေ ထိုင်မွေးနေရတာ သုံးနှစ်ကျော်လာပါပြီ။ ဘယ်လိုပဲ ကလေးမွေးရတယ်ပြောပြော ဒီလိုသုံးမွှာပူးတွေဘာတွေကတော့ ကိုယ့် level မဟုတ်ပါဘူး။ တစ်ယောက်ထဲပါတဲ့ဗိုက်တောင် အမေနဲ့ကလေး ၂ သက်မို့ stress တစ်သိန်းနဲ့လုပ်နေရတာ အခုဟာကြီးက အသက် ၄ သက်ဆိုတော့ စဉ်းစားကြည့်ပါတော့။
တစ်ဖက်ကတွေးတော့လည်း သူတို့မှာလည်း အခက်အခဲတွေအများကြီးနဲ့မို့ မသွားနိုင်ရင်တော့ ငါပဲရှိတာ ငါပဲလုပ်ရတော့မှာပဲ၊ ကလေးခွဲမွေးတာကတော့ ဘယ်နှမွှာဖြစ်ဖြစ် ခွဲနေကျအတိုင်းခွဲရမှာပဲကို၊ လူနာတောင်စိတ်ချသေးတာ ငါက ဘာလို့မလုပ်ရဲရမှာလည်းဆိုပြီး ကိုယ့်ရဲ့ မွေးရာပါတင်းနေတဲ့ အကြောကလည်း တစ်စခန်းထလာပါတယ် 😄
အဲဒီလိုနဲ့ လူနာဘက်က သေချာဆုံးဖြတ်ပြီးချိန်မှာတော့ ကိုယ့်ဘက်ကလည်း အကြိမ်ကြိမ်စဉ်းစားပြီး တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
OG၊ မေ့ဆေး၊ ကလေးဆရာဝန် နေရာအကုန်လုံး ကိုယ် ပဲတာဝန်ယူရပါမယ်။ သုံးမွှာပူးမို့ ခေါင်းကြိမ်းပေမယ့် အရင်ဗိုက်တွေလည်း ကိုယ်ပဲ ခါးထုံဆေးထိုး၊ ကိုယ်ပဲခွဲ၊ ကိုယ်ပဲကလေးကြည့် လုပ်ခဲ့ရတာဆိုတော့ အရမ်းတော့ ပြဿနာမဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အသေးစိတ်စဉ်းစားပြီး ချရေးထားလိုက်ပါတယ်။
လမစေ့ဘဲ စောပြီးမွေးခဲ့ရင် ကလေးတွေ အဆုတ်အားကောင်းဖို့ ကိုယ်ဝန်အပတ် ၃၁ ပတ်မှာ လူနာကို ဆေးရုံတစ်ရက်တင်ပြီး ဆေးကြိုထိုးထားလိုက်ပါတယ်။
စာထဲကအတိုင်းဆို ၃၄ ပတ်ကနေ ၃၆ ပတ်အတွင်းမှာ ခွဲရပါမယ်။ သူများနိုင်ငံတွေမှာတော့ မွေးကင်းစ ကလေးစောင့်ရှောက်မှုက အဆင်မြင့်တော့ ၃၄ ပတ်က အေးအေးဆေးဆေး ရှင်နိုင်ပါတယ်။ ကိုယ့်ဆီမှာကတော့ လမစေ့ရင် ထည့်ထားဖို့ ဖန်ပေါင်းချောင်မပြောနဲ့ လျှပ်စစ်မီးတောင်မရှိတဲ့ တောကြိုအုံကြားဆိုတော့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ၃၆ ပတ်ပြည့်အောင်စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမတိုင်ခင် ဗိုက်နာလာရင်တော့ ခွဲမယ်ပေါ့။ ၃၆ ပတ်ကျော်ပြီး စောင့်ပြန်ရင်လည်း အရေးပေါ်မွေးရနိုင်ခြေများမှာရယ်၊ ကလေးတွေကြီးလာတော့ သားအိမ်ကတအားကြီးလာပြီး အန္တရာယ်ပိုများနိုင်တာကြောင့် အဆင်မပြေပါဘူး။
၃၅ ပတ်မှာ လူနာကို ခွဲခန်းရှိတဲ့ဆေးခန်းမှာ ခေါ် ထားလိုက်ပါတယ်။ အရေးအကြောင်းဖြစ်လာခဲ့ရင် ချက်ချင်းခွဲမွေးနိုင်အောင်ပါ။
ကိုယ့်ဘက်က ပြင်ဆင်စရာတွေကလည်း တအားများပါတယ်။ ဆေးခန်းနဲ့ခွဲခန်းက တစ်နေရာစီဆိုတော့ နှစ်ခုလုံးက ဝန်ထမ်းတွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။
ခွဲမယ့်အဖွဲ့၊ ခွဲခန်းမှာကူမယ့်အဖွဲ့၊ မေ့ဆေးနေရာမှာ ကူမယ့်အဖွဲ့၊ ကလေးကောက်ကြမယ့်အဖွဲ့၊ အပြင်မှာနေပြီး သွေးကိစ္စနဲ့ အခြားလိုအပ်တာတွေကို စီစဉ်ဖို့အဖွဲ့ ဆိုပြီး ငါးဖွဲ့ ခွဲထားလိုက်ပါတယ်။ လူအင်အား ၂၁ ယောက်ပါပါမယ်။
အဖွဲ့တိုင်းရဲ့ အဖွဲ့ ခေါင်းဆောင်ကတော့ ကိုယ်ပါပဲ😁
ခွဲတဲ့အခါ ကိုယ့်ကိုကူဖို့ ဆေးခန်းမှာ အတူနေတဲ့ mobile အဖွဲ့က ဆရာဝန်တစ်ယောက်ပါပါမယ်။ ခွဲခန်းကသူနာပြုဆရာမ ၂ ယောက်၊ mobile အဖွဲ့က သူနာပြုဆရာမ ၁ ယောက် ရှိပါမယ်။ ကျန်တာကတော့ ဒေသခံကျန်မာရေးဝန်ထမ်း medic, EMOC နဲ့ community health workers တွေ ဖြစ်ပါတယ်။
အဖွဲ့တွေဖွဲ့ထားပြီး တစ်ပတ်အတွင်းမှာပဲ တစ်ဖွဲ့စီကို အသေးစိတ် သင်ကြားပြင်ဆင်ကြပါတယ်။
မေ့ဆေးအဖွဲ့နဲ့ပတ်သက်ပြီး လိုအပ်တာတွေ၊ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို အသေးစိတ် ပြင်ဆင်လေ့ကျင့် ကြပါတယ်။
ခွဲစိတ်မယ့်အဖွဲ့နဲ့ ခွဲခန်းပြင်ဆင်မယ့်အဖွဲ့ကိုလည်း လိုအပ်မယ့် ခွဲစိတ်ပစ္စည်းတွေ၊ ဆေးတွေနဲ့ လိုအပ်လရင် သားအိမ်ထုတ်ဖို့အထိ ပြင်ဆင်လေ့ကျင့်ကြပါတယ်။ ကိုယ်တိုင်လည်း စာတွေ အသေအချာပြန်ဖတ်ရပါတယ်။ သက်ဆိုင်ရာဘာသာရပ်အလိုက် ကိုယ့်ရဲ့ဆရာ ကလေးအထူးကု၊ OG အစ်မနဲ့ မေ့ဆေးအစ်မတို့ကိုလည်း တိုင်ပင်ပြီး အကြံဥာဏ်တောင်းခံရပါတယ်။ အန္တရာယ်ရှိနိုင်တာတွေကို ကိုယ့်ကို အသေးစိတ်ပြောပြပြီး ဝိုင်းဝန်းပြင်ဆင်ပေးကြပါတယ်။
နောက် ကလေးကောက်ကြမယ့်အဖွဲ့အတွက် ကလေးတစ်ယောက်ကို လူနှစ်ယောက်နှုန်းနဲ့ထားပြီး မွေးကင်းစကလေး အသက်ကယ်နည်းစနစ်တွေကို အကြိမ်ကြိမ် လေ့ကျင့်ကြပါတယ်။
သွေးလိုအပ်ရင် ချက်ချင်းရနိုင်ဖို့ကိုလည်း သွေးလှူရှင် သုံးဦးကို အဆင်သင့်ပြင်ထားပြီး စောင့်နေဖို့၊ တခြားလိုအပ်တာတွေကိုလည်း တတ်နိုင်သလောက် စဉ်းစားပြင်ဆင်ကြပါတယ်။
ကိုယ်တို့ရဲ့ တောထဲကဆေးခန်းလေးအနေနဲ့ သုံးမွှာပူး ခွဲစိတ်မွေးဖွားမှုက သမိုင်းမှတ်တိုင်လေးတစ်ခု ဖြစ်လာမှာမို့ အဖွဲ့ဝင်အားလုံးကလည်း စိတ်လှုပ်ရှားပြီး တက်ကြွနေကြပါတယ်။
ကိုယ်ကတော့ နီးလာလေ စိတ်ဖိစီးမှု ပိုများလာလေ၊ အိပ်မပျော်နိုင်လေ ဖြစ်လာပါတယ်။ ဒီကြားမှာ ဆေး ခန်းမှာ မထင်မှတ်တဲ့ ပြဿနာလေးတွေဖြစ်ပြီး အစည်းအဝေးတစ်ခုမှာ သုံးမွှာပူးကို ဒီမှာမွေးဖို့စီစဉ်တာ မသင့်တော်ကြောင်း၊ အန္တရာယ်အလွန်များကြောင်း၊ ကိုယ် မလုပ်နိုင်လောက်ကြောင်း အပြောခံရပါတယ်။
နဂိုကတည်းက တက်နေတဲ့ stress ဟာ အဆပေါင်းများစွာများလာပြီး စိတ်ဒဏ်ရာတွေပါ ရလာပါတယ်။ တကယ်က ကိုယ်လည်း လုပ်ချင်လွန်းလို့လုပ်နေတာလည်း မဟုတ်၊ လုပ်ပေးလိုက်လို့ အမေ သို့မဟုတ် ကလေးတစ်ယောက်ယောက်များ အန္တရာယ်ဖြစ်လာခဲ့ရင်ရောဆိုပြီး အိပ်မပျော်နိုင်တော့ပါဘူး။ လူနာကိုလည်း မွေးခါနီးမှ မလုပ်ပေးနိုင်တော့ဘူးဆိုပြီး ငြင်းရမှာကလည်း မလုပ်ရက်နိုင်ပြန်ဘူး။
တော်တော်လေးကို စိတ်သောကများခဲ့ရတဲ့ ရက်တွေပါပဲ။
နောက်ဆုံးတော့ လူနာကလည်း လက်ခံတယ်၊ ကိုယ်လည်း အသေးစိတ် သေချာပြင်ဆင်ပေးထားတယ်၊ လွှဲစရာလည်း အဆင်မပြေမှတော့ ဘာပဲဖြစ်ဖြစ်ဆက်လုပ်ရမှာပဲဆိုပြီး အားတင်းရပါတယ်။
အဲဒီလိုနဲ့ အဆင်ပြေပြေပဲ ၃၆ ပတ်ပြည့်လာခဲ့ပြီး၊ ၃၆ ပတ်နဲ့ ၂ ရက်ပြည့်တဲ့ အင်္ဂါနေ့ ခွဲခန်းရက်မှာ ခွဲလိုက်ပါတယ်။
မနက် ၈ နာရီမှာ လူစုံရောက်ပြီး အဖွဲ့လိုက် အသီးသီးစတင်ပြင်ဆင်ကြပါတယ်။
တစ်ဖွဲ့စီကို ကိုယ်တိုင်လိုက်စစ်ဆေးပြီး လိုအပ်တာများကို ထပ်မှာကြားရပြန်ပါတယ် 😁
အားလုံးလည်း စိတ်လှုပ်ရှားနေကြပြီး ရင်မောနေကြပါတယ်။
၉ နာရီလောက်မှာ ခါးရိုးထုံဆေး စထိုးလိုက်ပါတယ်။ ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေပဲ စခွဲကြပါတယ်။
ပထမကလေးက ကန့်လန့်အနေအထားမို့ ခြေထောက်ဘက်ကနေ ထုတ်ရပါတယ်။ မိန်းကလေးပါ။ ထွက်တာနဲ့ ကောင်းကောင်းငိုပြီး အလေးချိန်လည်းပြည့်ပါတယ်။
တစ်ယောက်ထွက်ပြီးတာနဲ့ လည်မသွားအောင် ကူပေးတဲ့ဆရာဝန်က သေချာထိန်းထားပေးရပါတယ်။ နောက်တစ်ယောက်က တင်ပုဆုံပိုင်းမို့ သူလည်းခြေထောက်ဘက်ကနေ ထွက်ပါတယ်။ အလေးချိန်ပြည့်ပြီး မိန်းကလေးပါပဲ။
အငယ်ဆုံးလေးအလှည့်ကျ ကလေးက အပေါ်မှာရှိနေတော့ လက်ထည့်ပြီးလှမ်းဆွဲရပါတယ်။ ခြေထောက်တစ်ချောင်းမိပြီး ဆွဲတော့မပါလာပါဘူး။ ခြေထောက်ကနေထုတ်ဖို့ ကြိုးစားနေရင်း မရတာနဲ့ စိတ်ပူသွားပါတယ်။
အဲဒါနဲ့ ခြေထောက်ကိုပြန်ထည့်လိုက်ပြီး ခေါင်းကနေပဲ လှည့်ထုတ်လိုက်တော့ အဆင်ပြေသွားပါတယ်။ ယောက်ျားလေးပါ။ ကလေးက အတော်လေးသေးပေမယ့် လက်ထဲမှာတော့ တောင့်ပါတယ်။ လမစေ့လို့သေးတာမျိုးနဲ့ မတူပါဘူး။
ကလေးတွေက ရေမြွှာအိတ်တစ်ခုစီပေမယ့် အချင်းကတော့ တစ်ခုတည်းပါ။ အချင်းကြီးကိုထုတ်ပြီးတော့ သားအိမ်က ကောင်းကောင်းကျုံ့လာပါတယ်။ အားလုံး သပ်သပ်ရပ်ရပ်ပါပဲ။ သားအိမ်ကိုပြန်ချုပ်ပြီး လူနာဆန္ဒအရ တစ်ခါတည်း သားကြောဖြတ်ပေးခဲ့ လိုက်ပါတယ်။ အဖွဲ့သားတွေ အားလုံးကလည်း တက်ညီလက်ညီနဲ့ ဟာကွက်မရှိအောင် လုပ်နိုင်ခဲ့ကြပါတယ်။
ကလေးတွေလည်း သုံးယောက်လုံး ကျန်းမာကြပါတယ်။ အငယ်ဆုံး ကလေးလေးကတော့ အောက်စီဂျင်လေး ခဏပေးထားရပေမယ့် အဆင်ပြေပါတယ်။
အားလုံးအဆင်ပြေပြေနဲ့ပြီးသွားတော့ တစ်ဖွဲ့လုံးလည်းပျော်နေကြပြီး ခွဲခန်းထဲသီချင်းဖွင့်ထားတော့ ကတဲ့သူလည်း ကနေကြပါတယ်😆
ပြီးတာနဲ့ ကလေးတွေချီပြီး ဆေးခန်းရှေ့မှာ အဖွဲ့လိုက် အမှတ်တရဓာတ်ပုံ ရိုက်ကြပါတယ်။ လူနာစောင့်တွေ ပြင်ဆင်ပေးထားတဲ့ အအေးနဲ့မုန့်တွေ စားသောက်ကြပြီး အမောပြေသွားကြပါတယ်။
နောက်ရက်တွေမှာ ကလေးတွေရော အမေရော ကျန်းမာကြပြီး ဝါတာ၊ ဖျားတာ ၊ ပိုးဝင်တာတွေမရှိဘဲ ၆ ရက်မြောက်နေ့မှာ ဆေးရုံပေးဆင်းလိုက်နိုင်ပါတော့တယ်။
ကိုယ်လည်း ငါးလနီးပါး ထမ်းထားရတဲ့ stressတွေ ပျောက်သွားပြီး ပေါ့ပါးသွားပါတော့တယ်။
တကယ်တွေးကြည့်တော့ ကြင်စိုးသာ dog ဇာတ်မခင်းရင် လူနာလည်းစစ်ရှောင်စရာမလိုဘဲ သူ့မြို့ကဆေးရုံမှာ OG ဆရာမကြီးနဲ့ သေချာအပ်ပြီး စနစ်တကျမွေးရမှာပါပဲ။ ကိုယ်တွေလည်း ဆေးခန်းနှစ်လုံးပေါင်းပြီး ကိုယ့်အလုပ်မဟုတ်တာကြီးကို အတင်းလုပ်ပြီး လောင်မြိုက်နေစရာမလိုပါဘူး။ အခုကတော့ စိတ်ရောလူရော ပင်ပန်းလိုက်ကြရတာ။ အကုန်အဆင်ပြေပြေနဲ့ ပြီးသွားလို့သာပေါ့။
ကိုယ်ဝန်အပ်ချိန်ကနေ မွေးပြီးသည်အထိ အားလုံး တက်တက်ကြွကြွ ကြိုးစားပါဝင် လုပ်ဆောင်ပေးကြတဲ့ ကျွန်တော့်ရဲ့ အဖွဲ့သားများအားလုံးကိုလည်း ဂုဏ်ပြုရင်း ဟို မအိမ်လုံး ကြင်စိုးကိုလည်း မေတ္တာပို့ရင်း ဒီစာကို အမှတ်တရ ရေးသားလိုက်ရပါတယ်…။
ဒေါက်တာ Harry
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.