ပါမောက္ခဆရာဝန်ကြီးများ၏ ဆေးကုသရေးခရီးစဉ်ဆိုတာကြီးတွေ ပြန်လည်အသက်သွင်းနေတာတွေ့တော့ “ အဲ…လုပ်ကြပြန်ပဟ” ဆိုပြီး အရင်အတိတ်ကို ပြန်သတိရသွားတယ်။

ပြည်နယ်ဆေးရုံကြီးတစ်ခုမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျတုန်းကပေါ့။ သင်ခဲ့ရတဲ့စာတွေနဲ့ လက်တွေ့စလုပ်ရတော့ အားလုံးဟာ ကိုယ့်အတွက် သင်ယူစရာတွေ၊ အတုယူစရာတွေ၊ အံ့သြစရာတွေ၊ မထင်မှတ်တာတွေ တွေ့ရတာ အများကြီးပေါ့။

အထူးကုကွင်းဆင်းကုသသွားဖို့ ဆရာကြီးတွေကပြောတော့ ရင်ခုန်စိတ်လှုပ်ရှားမိတယ်။ ဘာတွေလုပ်ရမှာလဲပေါ့။ လေ့လာစရာတွေအများကြီးရမယ်၊ ပြည်သူတွေလိုအပ်တာ လုပ်ပေးရတော့မယ်၊ တော်တော်အကျိုးရှိမယ့် ခရီးစဉ်ပဲလို့ မျှော်လင့်မိတာပေါ့လေ။

▪️အဲဒီသတင်းလည်းကြားရော ဆေးကုသဆောင်ထဲ လာနေကျဆေးကုမ္ပဏီတွေက ဝင်လိုက်ထွက်လိုက်ပဲ။ ဆေးရုံအုပ်ကြီးရုံးထဲရော အထူးကုကြီးတွေဆီရောပဲပေါ့။ အတွေ့အကြုံရှိ လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း တာဝန်ခွဲဝေနေကြတာပေါ့။ “ဟဲ့… အဲဒီကိုသွားရမှာဆိုရင် ဧည့်ခံကြိုဆိုရေး‌ ကောင်းတယ်ဟ။ ငါတို့ ထမင်းကောင်းကောင်းစားရမှာတော့ သေချာတယ်။ ပြီးရင် စောစောသိမ်းပြီး ဟိုနေရာလေးတော့ ဝင်လည်ဖို့ ဆရာကြီးတွေကို‌ပြောရမယ်”

▪️“အင်း… ဒီတစ်ပတ်ပိတ်ရက် ငါခွဲဖို့လူနာတွေ အပြင်ဆေးခန်းမှာ ခွဲဖို့ချိန်းထားတာ အများကြီးပဲ။ သူတို့ပေးတဲ့ လစာတစ်ပဲခြောက်ပြားနဲ့ ခိုင်းတာအားမရ၊ ကွင်းဆင်း‌တောင် ကုရဦးမယ်။ လာပြတာ မြန်မြန်ကြည့်… မိုင်နာကေ့စ် တစ်ယောက်လောက်ခွဲ၊ ကျန်တာ ဆေးခန်းကိုလွှဲဖို့ စာရင်းမှတ်တဲ့ဆရာမကို ပြောထားမှ။ ငါ့ဆီက လက်ထောက်ဆရာဝန်တစ်ယောက်လောက် ထားခဲ့ပြီး မြန်မြန်လစ်မှ” ဆာဂျင် အကွက်ချ။

▪️“အဲဒီရွာက ငါ့ဆီပြနေကျလူနာတွေ ကွင်းဆင်းကုသမယ်ကြားတော့ ဆေးခန်းမလာတော့ဘဲ အဲဒီမှာပဲ စောင့်ပြကြတော့မှာ။ ငါတော့ ဒီတစ်ပတ် ဝင်ငွေနည်းပြီ။ အဲဒီဆေးရုံမှာ ပစ္စည်းမှမစုံဘဲ။ ပြန်ချိန်းမှရမယ် ပြောမှ။ ငါ့လက်ထောက်လည်း ပြောထားရဦးမယ်… အကုန်လုပ်ပေးမနေနဲ့လို့” အိုဂျီမမ အတွေး။

▪️“မျက်စိလာပြတဲ့ လူနာကတော့များမှာ။ မတတ်နိုင်ဘူး ကြည့်ရမှာပဲ။ လာလှူထားတဲ့ မျက်မှန်တွေအရင်ပေး။ ကုန်သွားရင် ပါလာတဲ့ မျက်မှန်ဆိုင်က ထုတ်ရောင်းလိမ့်မယ်။ ငါတို့ ကော်မရှင်ရမှာပဲ။ နောက်ထပ်ပြဖို့ချိန်းရင် ဆေးခန်းချိန်းလိုက်ရင် ရတာပဲ။ လူနာတောင်ပိုရသေး မဆိုးပါဘူး” မျက်စိဆရာဝန်က စဉ်းစား စသည်စသည် အသီးသီးအကွက်ချရင်း။

ကျွန်တော်က ဆေးကုသဆောင်မှာ တာဝန်ကျနေလေတော့ အထူးကုဆရာကြီးက “ ဟကောင်ရေ ငါတို့ကတော့ လူနာများမှာဟ။ အနည်းဆုံးတော့ ၃၀၀ အောက်ထစ်ပဲ။ အဲဒီတော့ မင်းက လူကြီးပုံပေါက်တယ်။ ငါနဲ့အတူ စားပွဲ ၂ လုံးနဲ့ အတူထိုင်ကြည့်မယ်။ လာတဲ့သူမှန်သမျှကတော့ ECG ဆွဲမှာပဲကွ။ မင်းတတ်သလောက်သာကြည့် ရတယ်။ မြန်မြန်ကြည့်ပြီးဖို့လိုမယ်။ ညနေ ၃ နာရီဆိုရင်တော့ ငါပြန်ပြီ။ ညနေ အပြင် ဆေးခန်းမှာ ချိန်းထားတဲ့လူနာတွေက အများသား။ အဲဒါက လွတ်လို့မရဘူး။ မင်းပြီးအောင် ဆက်ကြည့်ကွာ”

“ ဟာ ဆရာကြီး… ကျွန်တော် တချို့လူနာတွေ မကြည့်တတ်ဘူး။ ဘယ်လိုဆေးပေးရမလဲဗျ”

“ မင်းကလည်း လွယ်ပါတယ်။ ဆေးကုမ္ပဏီကကောင်တွေ မင်းရှေ့မှာ ဆေးစာရင်းတွေ လာပေးထားလိမ့်မယ်။ အဲဒါသာညွှန်းလိုက်။ သူတို့ ဝယ်သောက်လိမ့်မယ်။ ဆေးရုံအုပ်ရုံးကပေးတဲ့ အားဆေးတို့ဘာတို့ ကတော့ ငါ့ဆရာမတွေ ကြည့်ပေးလိမ့်မယ်။ လူနာတစ် ယောက်ကို ၅ မိနစ်နှုန်းနဲ့ကြည့်တာတောင် ပြီးမှာမဟုတ်ဘူးကွ။ သူတို့မသက်သာရင် ငါ့ဆေးခန်းလာပြလိမ့်မယ်။ အရေးတကြီးလူနာတွေလည်း မလာပါဘူးကွာ။ ပေါ်လစီအရသာ သူတို့လူကြီးတွေ အမှတ်ရဖို့ လုပ်ပေးနေရတာ။ သူတို့ ဓာတ်ပုံရိုက်ပြီး သတင်းတင် လို့ရရင် ပြီးရော”

ဆေးရုံအုပ်ကြီးကလည်း ကွင်းဆင်းကုသရန် လိုအပ် သည့် ဘတ်ဂျတ်ငွေများ ထုတ်စားခြင်း (အဲလေ ထုတ်သုံးခြင်း)၊ ဆေးဝါးများစုဆောင်းခြင်း၊ အလှူရှင်များ ဆေးကုမ္ပဏီများနှင် ညှိနှိုင်းတိုင်ပင်ခြင်း (ကော်မရှင်ညှိခြင်းများ) ဆောင်ရွက်လေသည်။

ကွင်းဆင်းဆောင်ရွက်ရမည့် မြို့နယ်ကလည်း ကြိုတင်စီစဉ်ရ၏။

တစ်နှစ်မှတစ်ခါ တိုင်းဆေးရုံကြီးက အထူးကုကြီးများ လာမှာဖြစ်တဲ့အတွက် ရပ်ကွက်အလိုက် အကျွေးအမွေးတာဝန်ယူရန် သတ်မှတ်ရသည်။ နံနက်စာ၊ နေ့လယ်စာ (အသားဟင်းက ၂ မျိုးလောက် ပါမှ) အချိုပွဲလည်း လိုသေးတယ်။ လက်ဆောင်လေးလည်း ထည့်ပေးဦးမှပါ။

ကွင်းဆင်းမယ့်မြို့နယ်မှာ တာဝန်ကျတဲ့ ဆရာဝန်မလေးကလည်း သူကုထားတဲ့လူနာတွေကို အထူးကုနဲ့ပြပေးရမှာမို့ ပျော်နေလေရဲ့။ သူ့လူနာတွေကို ဆေးရုံကြီးမပို့ရဘဲ ပြခွင့်ရမယ်ဆိုတော့လေ။ တချို့က လွှတ်တာကြာပြီ ခရီးစရိတ်မတတ်နိုင်လို့ မသွားရသေး။ အဓိကက ဟိုနေ့က မြို့နယ်ဆေးရုံကဆင်းပေးပြီး အထူးကုဆီလွှတ်ထားတဲ့ ဟိုကလေးကို ပြပေးရမယ်။ ငါကုထားတာ မှန်/ မမှန် မေးရမယ်။ ဘာဆက်ပေးရမလဲ မေးရမယ်။ ကလေးတော့ ကံကောင်းတာပဲ။ ငါလည်း ပညာရတာပေါ့။

ဪ.. ကလေးက ပြပြီးလို့တောင် ပြန်လာပြီ။ ဒီဘက် မှာ အလုပ်ရှုပ်နေတာနဲ့ သတိမထားလိုက်မိဘူး။

“ ဆရာမရေ ဆရာဝန်မကြီးက ဆေးတွေပေးလိုက် တယ် ဒီမှာ”

ဟင်… ငါကုနေတာ ကုသမှုအဆင့် ၂ ရောက်နေပြီ။ သူက ဘာလို့ အစကပြန်ကုတာတုန်း။ ငါကုတာမှားနေလို့လား။ သွားမေးဦးမှ။

ဟင်… ကလေးအထူးကုအခန်းထဲမှာ ကြည့်ပေးနေတာ ငါတို့အငယ်တန်းက ကောင်မလေးပဲ။

“ အယ် အစ်မရေ… ကလေးအထူးကုက ဆေးရုံအုပ်နဲ့အဆင်မပြေလို့ မလိုက်ခဲ့ဘူး။ ကျွန်မကို အထူးကုအနေနဲ့ ထည့်ပေးလိုက်တာ။ ရှင်းရှင်းပြောရရင် ကျွန်မလည်း ကလေးတွေ သိပ်မကြည့်တတ်ဘူးရယ်။ အစ်မကုထားတာတော့ တွေ့တယ်။ ဘာပေးရမှန်းမသိလို့ အဲဒီလိုပြန်ပေးလိုက်တာ။ ဆေးပေးတဲ့နေရာမှာ အစ်မအဆင်ပြေသလိုသာ ပေး‌ပေးပါနော်။ ကူညီပါဦး”

အထူးကုသမားတော်ကြီးရှေ့မှာလည်း လူနာက ကြိတ်ကြိတ်တိုး။ ပါလာသောဆရာကြီး ၂ ယောက်ခမျာ လူနာကိုတောင် မော့မကြည့်အား။ နားကျပ်လေးတော့ ထောက်ပါသည်။ လာသမျှလူ ECG ဆွဲ၍ ပြောသမျှရောဂါလက္ခဏာဖြင့်သာ မျက်စိရှေ့တွေ့သော ဆေးများ ရေး၍ပေးနေရသည်။ ECG စက်ခမျာ လူ ၅၀ လောက်ဆွဲပြီးတော့ ပျက်ရှာလေတော့၏။ မီးအားကလည်း မမှန်ဘူးလေ။ ဆရာဝန်ကြီးနှင့် သေချာစကားမပြောရ၍ လူနာများ ပွစိပွစိဖြစ်ကြသည်။

မျက်စိနှင့် အရိုးအကြောနေရာများတွင်လည်း လူနာများ များနေသည်။ အလှူရသော မျက်မှန်များဝေပေး၍ ကျန်သောလူနာများအား မျက်မှန်ဆိုင်ကမျက်မှန်များ ထုတ်ရောင်းရသည်။ အရိုးအတွက် လိုအပ်သော ဓာတ်မှန်ရိုက်ရန် မီးအားမနိုင်။ မီးစက်ပြေးနှိုးရသည်။ လူအများကြီး မရိုက်နိုင်ရှာပေ။ အရိုးအ‌‌ကြောအတွက် အကိုက်အခဲပျောက်ဆေး များများယူလာ၍ တော်သေးသည်။ အပ်စိုက်ကုသသော နေရာတွင်လည်း လူစည်နေသည်။

ဤသို့ဖြင့်…

အများပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်စေရန် နိုင်ငံတော်၏စေတနာဖြင့် ဘလာဘလာတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသစစ်ဆေးပေးခြင်းကို အရောင်မျိုးစုံ (အဝါ၊ စိမ်းပြာ ပဝါနှစ်စ အသာချထားသော) နယ်ခံမမများကလည်း (၎င်းတို့၏ ယခုလလုပ်ဆောင်ချက်များ တိုးတက်စေရန်) လာရောက်လုပ်အားပေးကူညီကာ သနားစရာကောင်းသော ပြည်သူများအား ကြည့်ရှူ့အားပေးသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအခြေအနေများသည် အတိုင်းထက်အလွန် တိုးတက်ကောင်းမွန်သွားပါကြောင်း…။

အကျဉ်းချုပ်မျှသာ။
(အကျယ်မချဲ့ရသေး)

Dr Su

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here