ကြွက်တက်တတ်သူတွေ ဘယ်လိုအစားအသောက်တွေ စားသုံးသင့်သလဲ ?

ကြွက်သားတွေပြေလျော့မှုမရှိဘဲ တောင့်တင်းလာတဲ့အခါ ကြွက်တက်ခြင်းကို ခံစားရပါတယ်။ ကြွက်တက်တဲ့အခါ ကိုယ့်ဘာသာကုသလို့ ရနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ရာသီလာခြင်းစတာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကြွက်သားတွေကို ဖြေလျှော့နှိပ်နယ်ပေးတာ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေစားပေးခြင်းဖြင့် ကြွက်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးတွေဟာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သလို မက်ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ ဒီလိုဓာတ် (၃) မျိုးတောင်ပါဝင်တဲ့ ငှက်ပျောသီးဟာ ကြွက်တက်ခြင်းကို သက်သာစေဖို့ အရွေးချယ်သင့်ဆုံးပါပဲ။

..

၂။ ကန်စွန်းဥ

ကန်စွန်းဥမှာလည်း ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်ပြီး ငှက်ပျောသီးထက် ကယ်လ်ဆီယမ်ဓာတ် (၆) ဆလောက် ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် အာလူးနဲ့ ရွှေဖရုံသီးတို့ဟာလည်း ကန်စွန်းဥကဲ့သို့ ဓာတ် (၃) မျိုးပါဝင်တဲ့အပြင် ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်ပါတယ်။

..

၃။ ထောပတ်သီး

ထောပတ်သီးဟာ ပိုတက်ဆီယမ်ဓာတ် 975 mg ထိပါဝင်ပြီး ထိုပမာဏဟာ ငှက်ပျောသီး၊ ကန်စွန်းဥစတာတွေထက် (၂)ဆလောက်ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဟာ ကြွက်သားတွေကောင်းမွန်စွာ အလုပ်လုပ်ဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရေးကြီးပါတယ်။ သို့သော် အဆီနှင့် ကယ်လိုရီဓာတ်များစွာပါဝင်တာကိုလည်း သတိထားရပါမယ်။

..

၄။ ပဲနီကလေးနှင့် ပဲအမျိုးမျိုး

ချက်ပြုတ်ပြီးသားပဲနီကလေးတစ်ခွက်မှာ မန်ဂနီဆီယမ် 71 mg ပါဝင်ပြီး ချက်ပြီးသားပဲမဲတစ်ခွက်မှာတော့ မက်ဂနီဆီယမ် 120 mg ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များတာကြောင့် ကြွက်တက်ခြင်းကို သက်သာစေပြီး သွေးတွင်းသကြားဓာတ်နှင့် မကောင်းသော သွေးတွင်းကိုလက်စထရောတွေကို ကျစေပါတယ်။

..

၅။ သခွါးမွှေး

သခွါးမွှေးသီးတွေမှာ ကြွက်တက်တာကိုသက်သာစေတဲ့ဓာတ် (၄) မျိုးစလုံးပါဝင်ပြီး ရေဓာတ်လည်းကြွယ်ဝပါတယ်။ လေ့ကျင့်ခန်းလုပ်သူတွေမှာ ချွေးထွက်တဲ့အခါ ရေဓာတ်နဲ့ဆိုဒီယမ်ဓာတ်ကို ဆုံးရှုံးရပြီး ကြွက်တက်တတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း၊ အားကစားလုပ်ပြီးတဲ့အခါ သခွါးမွှေးသီးစားပေးသင့်ပါတယ်။

..

၆။ ဖရဲသီး

ဖရဲသီးဟာ ရေဓာတ် ၉၀% အထိပါဝင်ပါတယ်။ ဖရဲသီးဟာ ရေဓာတ်ပြည့်ဝစေတဲ့အပြင် ပိုတက်ဆီယမ်လည်း ကြွယ်ဝပါတယ်။

..

၇။ နွားနို့

နွားနို့ဟာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေ ပါဝင်တဲ့အပြင် ရေဓာတ်လည်း ပြည့်ဝစေနိုင်ပါတယ်။ ပရိုတင်းဓာတ်လည်း ကြွယ်ဝတာကြောင့် အားကစားလုပ်ပြီးနောက် ကြွက်သားနာကျင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

..

၈။ ဆားရည်စိမ်အရည်

အချို့အားကစားသမားတွေက ဆားရည်စိမ်ထားတဲ့အရည်သောက်သုံးခြင်းဟာ ကြွက်တက်တာကို အမြန်ဆုံးသက်သာစေတဲ့နည်းလို့ ဆိုပါတယ်။ ဆားရည်စိမ်အရည်မှာ ရေဓာတ်နဲ့ ဆိုဒီယမ်ဓာတ်များစွာ ပါဝင်ပါတယ်။

..

၉။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်းစတာတွေက ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်ကြွယ်ဝလို့ ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအစိမ်းရောင်ဟင်းသီးဟင်းရွက်များစားသုံးပေးခြင်းဟာ ရာသီလာစဉ် ကိုက်ခဲခြင်းတွေကိုပါ သက်သာစေပါတယ်။

..

၁၀။ လိမ္မော်ရည်

လိမ္မော်ရည်တစ်ခွက်ဟာ ရေဓာတ်ကို များစွာဖြည့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။

..

၁၁။ အစေ့အဆံများ

နေကြာစေ့၊ Almond စေ့ စတာတွေဟာ မက်ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်တာကြောင့် ကြွက်တက်ခြင်းကို သက်သာစေပါတယ်။

..

၁၂။ ဆယ်လ်မွန်ငါး

တစ်ခါတစ်ရံမှာ သွေးလည်ပတ်မှုမကောင်းတာကြောင့် ကြွက်တက်နိုင်ပါတယ်။ ဆယ်လ်မွန်ငါးကဲ့သို့ အဆီပါသောငါးကိုစားပေးခြင်းက သွေးလည်ပတ်မှုကောင်းစေတာကြောင့် ကြွက်တက်တာကို သက်သာစေပါတယ်။ ဆယ်လ်မွန်ငါးမကြိုက်တဲ့သူတွေအနေနဲ့လည်း ဆာဒင်းငါး စားပေးနိုင်ပါတယ်။

..

၁၃။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ပိုတက်ဆီယမ်ပမာဏ ၁၅% ကို ဖြည့်ပေးနိုင်ပါတယ်။ ရေဓာတ်လည်းဖြည့်ပေးပြီး ကြွက်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

..

၁၄။ ရေသောက်ခြင်း

ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ ရေ ၁၁ ခွက်ခွဲ သောက်သင့်ပြီး အမျိုးသားတွေကတော့ ရေ ၁၅ ခွက်ခွဲ သောက်သင့်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ အားဖြည့်အချိုရည်မျိုးတွေဟာ ပြင်းထန်အားကစားလုပ်တဲ့သူတွေသာ လိုအပ်တာကြောင့် သာမန်လူတွေအနေနဲ့ ရေသောက်ခြင်းကသာ အကောင်းဆုံး ရေဓာတ်ဖြည့်တင်းနည်းပါပဲ။ သကြားဓာတ်မပါတဲ့ အုန်းစိမ်းရည်ကိုလည်း သောက်သုံးနိုင်ပါတယ်။

Reference: ????

https://www.webmd.com/…/ss/slideshow-muscle-cramps-foods

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here