အမျိုးသားမျိုးပွားအင်္ဂါများ အလုပ်လုပ်ပုံ

နည်းနည်းလေး ထပ်အသေးစိတ်မယ်နော်။ ယောင်္ကျားလေးအများစုသည် နေ့စဉ် ကလေးအဖေ ဖြစ်နိုင်စွမ်းရှိပါသည်လို့ ကျွန်တော်ပြောခဲ့တယ်။ ညိုကီတို့ စိတ်ကြီးဝင်သွားမှာစိုးလို့ ကိုယ့်စကားကိုယ် ပြန်ဖြည်ရဦးမယ်။ အများစုသည် နေ့စဉ်လို့ ပြောထားတာဆိုတော့ အနည်းစုသည် နေ့စဉ် သို့မဟုတ် လုံးဝ ကလေးအဖေ မဖြစ်နိုင်ဘူးလို့လည်း ရှိနိုင်ပါတယ်နော်။

ပင်နီဆလင်ဆေးထိုးတာ တွေ့ဖူးကြမှာပါ။ ဆေးအမှုန့်ကို မိုးရေနဲ့ဖျော်ပြီးမှ ထိုးရတာပါ။ ပဲမြစ်ကလေးက သုက်ပိုး၊ အဖိုမျိုးစေ့ကို ထိုးထည့်ပေးတာလည်း အဲလိုပါပဲ ခင်ဗျ။ ဥ နှစ်လုံးက ထုတ်လုပ်ပေးလိုက်တဲ့ သုက်ပိုးများက ဆေးမှုန့်ပေါ့ဗျ။ ဒါဆို မိုးရေက ဘယ်ကရသလဲဆိုရင် ပုံမှာကြည့်ပါဗျ။ သုက်ပိုးသိုလှောင်အိပ် (seminal vesicle) နဲ့ ဆီးအိမ်အောက်အကျိတ် (prostate gland) တို့ကနေ အဓိကရပါတယ်။ ဒါကြောင့် ပဲမြစ်ကနေ တစ်ကြိမ်မှာထွက်လာတဲ့ ၂ – ၅ စီစီ လောက်ရှိတဲ့ ဖြူညစ်ညစ် ပျစ်ချွဲချွဲအရည် သုက်ရည် (semen) သည် ဖျော်စပ်ပြီးအရည် ဖြစ်ပါတယ်။

ကလေးအဖေ ဖြစ်နိုင်ဖို့ရန်အတွက်သည် တစ်ကြိမ်ထုတ် သုက်ရည်အတွင်းမှာ ပါဝင်တဲ့ သုက်ပိုးများ၏ အရေအတွက်၊ ပုံသဏ္ဍန်နှင့် ရွေ့လျားကူးခတ်နိုင်စွမ်း သုံးခုအပေါ် မူတည်ပါသည်။

ပထမဆုံး အရေအတွက်အနေဖြင့် သုက်ရည် ၁ စီစီ အတွင်းတွင် သုက်ပိုးအကောင်ရေ သန်းနှစ်ဆယ်နှင့်အထက် ပါရပါမည်။ ထို့ကြောင့် အနည်းဆုံး တစ်ကြိမ်လျှင် ၂ စီစီသာ ထုတ်နိုင်သော ညိုကီတို့ပင်လျင် တစ်ခါထည့် သန်းလေးဆယ်နှင့်အထက် ထည့်ပေးပါသည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

နောက်တစ်ခုက ပုံသဏ္ဍန်ပါ။ သုက်ပိုးများသည် သစ်သားမီးခြစ်ဆံချောင်း ပုံစံရှိသည်ဟု ပြောခဲ့ပါသည်။ အမှန်က ရှိရမည်ဟု ပြောရမည် ဖြစ်ပါသည်။ တစ်ကြိမ်ထုတ် သန်းလေးဆယ်နှင့်အထက် ပါဝင်သော သုက်ပိုးများ၏ ၆၀ – ၇၀ % သည် သစ်သားမီးခြစ်ဆံချောင်းပုံစံ ရှိရပါမည်။

သုက်ပိုးများသည် သားပို့ပြွန် (fallopion tube) ထိပ်တွင်စောင့်နေသော မ မျိုးဥ၊ သားဥလေးဆီသို့ ဖူးစာဆိုတာ ဦးရာလူပါထုံးနှလုံးမူ၍ အပြေးသွားကြရပါသည်ဟု ပြောပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် တစ်ကြိမ်ထုတ် သန်းလေးဆယ်နှင့်အထက် ပါဝင်သော သုက်ပိုးများ၏ ၆၀ – ၇၀ % သည် ရှေ့သို့ရွေ့လျားနိုင်စွမ်း ရှိရပါမည်။ အများစုသော ညိုကီတို့ကတော့ အထက်ပါ စံချိန်စံညွှန်းများနှင့် ကိုက်ညီကြပါသည်။ ထို့ကြောင့် အများစုက နေ့စဉ် ကလေးအဖေဖြစ်နိုင်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။

အနည်းစုသော ညိုကီတို့ကတော့ စံချိန်မမီကြပါ။ ပြဿနာသည် ဂွေးစိ၊ ဥ နှစ်လုံး၏ သုက်ပိုးများထုတ်လုပ်ခြင်းဖြစ်စဉ် (spermatogenesis) တွင် ရှိပါသည်။ ထိုပြသနာများကို မျိုးရိုးဗီဇဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာ၊ စားသောက်နေထိုင်မှုဆိုင်ရာ စသည်ဖြင့် ခွဲခြားထားပါသည်။

မျိုးရိုးဗီဇပြဿနာ အနေဖြင့် Klifelter’ s ရောဂါစု၊ Cystic fibrosis စသည်တို့ ရှိပါသည်။ ကျွန်တော်ကိုယ်တိုင် အကုန်မသိပါ။ ဤရောဂါများတွင် သုက်ပိုးများ၏ ပြည့်မီရမည့် စံချိန်စံညွှန်းမမီ၍ သဘာဝအတိုင်း ကိုယ်ဝန်ရရန် ခက်ခဲတတ်ပါသည်။

ကူးစက်ရောဂါ ပြဿနာအနေဖြင့် အာပါးစောင်ရှိ တံတွေးထုတ်အကျိတ် (Parotid gland) ကို mump virus ပိုး ကူးစက်ခံရမှုမှတစ်ဆင့် ဥ နှစ်လုံး၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို ထိခိုက်ခြင်းဖြစ်ပါသည်။ စံချိန်စံညွှန်း သုံးခုစလုံးကျဆင်းပြီး သဘာဝအတိုင်း ကလေးအဖေဖြစ်ရန် ခက်ခဲတတ်ပါသည်။

ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါး များသည်လည်း ရှောင်သင့်သည်များ ဖြစ်ပါသည်။ ဇရာနှင့် အိုနာများဖြစ်သည့် ဆီးချို၊ သွေးတိုးရောဂါတို့အတွက်မူ အဘရေစိတ်လျှော့ပါတော့ခင်ဗျ ဟုသာပြောရမလိုပါဗျာ။ နာတာရှည် အသည်းရောဂါများတွင်လည်း သုက်ပိုးတို့၏စွမ်းရည် ကျတတ်ပါသည်။

အရေးကြီးသောအချက်တစ်ခုမှာ အမျိုးသားတို့၏ ဥ နှစ်လုံးသည် အအေးကြိုက်ပါသည်။ ခန္ဓာကိုယ်အပူချိန်အောက် ၁ – ၂ ဒီဂရီ စင်တီဂရိတ်ခန့် လျော့နည်းမှ စံချိန်မီသုက်ပိုးများကို ထုတ်လုပ်နိုင်ပါသည်။ ရာသီဥတုပူလာလျင် တွဲကျသွားကာ လေသလပ်ခံ အအေးခံပြီး အေးလာလျှင် အပေါ်သို့ပြန်ကပ်လာသည်မှာ ဤအကြောင်းကြောင့် ဖြစ်ပါသည်။ မိခင်ဝမ်းကြာတိုက်အတွင်း သန္ဓေသားဘဝက ယောင်္ကျားလေးများတွင် ဥ နှစ်လုံးသည် ဗိုက်ထဲတွင်ရှိပါသည်။ မွေးထွက်မလာမီကတည်းက ဥ နှစ်လုံးသည် ကပ်ပယ်အိပ် (scrotums) အတွင်းသို့ သက်ဆင်းပြီး ဖြစ်ရပါသည်။ အကြောင်းတစ်ခုခုကြောင့် ဥ နှစ်လုံး ကပ်ပယ်အိပ်ထဲသို့ မဆင်းဘဲ မွေးလာသော ယောက်ျားလေးများ (undescended testes) အရပ်အခေါ် နတ်ကွပ်ခံရသော ယောင်္ကျားလေးများတွင် စံမမီသုက်ပိုးများ တွေ့ရသည်မှာ ဥ နှစ်လုံး၏ အပူချိန် ကို မလျှော့ချနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ထို ဗိုက်ထဲရှိ ဂွေးစိ၊ ဥ များသည် ဥကင်ဆာအထိ ဖြစ်သွားနိုင်သည့်အတွက် လူပျိုဖော်ဝင်ပြီးပါက ခွဲထုတ်ပစ်ရန် အကြံပြုပေးရပါသည်။

သို့မို့ကြောင့် ညိုကီတို့ကို သတိပေးလိုသည်မှာ ဘောအေးအောင် ထားကြပါ။ အတွင်းခံကျပ်ကျပ် မဝတ်ကြပါနှင့်။ ဘောကိုအပူမိစေနိုင်သော အလုပ်လုပ်ရသူများ ဥပမာ လ္ဘက်ရည်ဖျော်ဆရာ၊ ပန်းပဲဆရာ၊ အဝေးပြေးကားဒရိုင်ဘာ စသည့်သူများ ဘောအပူကာပစ္စည်းများ သုံးကြစေလိုပါသည်။ မိမိကိုယ်ကို ကလေးအဖေဖြစ်ရန် ချွတ်ယွင်းချက်ရှိ/မရှိ သိလိုပါက မိမိ၏သုက်ရည်ကို ဓာတ်ခွဲစမ်းသပ်နိုင်ပါသည်။ Semen Analysis ဟု ခေါ်ပါသည်။ သုက်ရည်ကို မထုတ်ဘဲ သုံးရက်ရှောင်ပြီးမှ တစ်ကိုယ်ရေအာသာဖြေခြင်းနည်းလမ်းဖြင့် ထုတ်ယူပြီး စံချိန်မီ အရေအတွက်၊ ပုံသဏ္ဍန်၊ ရွေ့လျားနိုင်စွမ်း ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပါသည်။

(အမျိုးသမီးများအတွက် ဆက်လက်ဖေါ်ပြပါမည် ခင်ဗျ….)

ဒေါက်တာဝေဖြိုး

အထူးကုဆရာဝန်တစ်ဦး

လွတ်မြောက်နယ်မြေတစ်နေရာ

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here