မမျှော်လင့်ဘဲဖြစ်စေ၊ ပြင်ဆင်ထားပြီးပဲဖြစ်စေ ကိုယ်တန်ဖိုးထားရတဲ့သူ ချစ်ခင်နှစ်သက် မြတ်နိုးအားကိုးရသူ တစ်ဦးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ….
ကိုယ့်ရဲ့တန်ဖိုးထားစုဆောင်းလာရတဲ့ အိုးအိမ် ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတဲ့အခါ…
ကျွန်မတို့ ရှင်ကျန်ရစ်သူတွေအနေနဲ့ စိတ်ပိုင်း ခန္ဓာကိုယ်ပိုင်ဆိုင်ရာ ဘာတွေခံစားရပါသလဲ။
ကျွန်မတို့ အတူတူ ဆန်းစစ်ကြည့်ရအောင်….။
…
…
ဦးစွာ…
- ထိတ်လန့်ခြင်း
- ဝမ်းနည်းခြင်း
- ပူဆွေးသောကရောက်ခြင်း
- မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း
- အရှိတရားကို လက်မခံနိုင်ခြင်း၊ ငြင်းဆန်မိခြင်း၊ ရှောင်လွှဲမိခြင်း
- စိုးရိမ်ပူပန်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဝင်္ကပါလို အတွေးထဲ ပိတ်မိနေခြင်း
- မစဉ်းစားရပါဘဲ ခေါင်းထဲပြန်ပေါ်လာခြင်း
- မရည်ရွယ်ပါဘဲ ထပ်ထပ်ခါခါတွေးမိနေခြင်း၊ အိပ်မက်ဆိုးမက်ခြင်းတွေနဲ့အတူ…
- အိပ်မရတာတွေ
- ဘာကိုမှ အာရုံမစိုက်နိုင်တော့တာတွေ
- တစ်စုံတစ်ခုအပေါ် အာရုံစိုက်ဖို့ခက်ခဲလာတာတွေ
- အများနဲ့ဝေးရာ တစ်ယောက်တည်းသီးသန့်နေချင်တာ
- စကားတွေနည်းလာတာ၊ ငြိမ်သက်လာတာ၊ စိတ်နဲ့လူနဲ့ မကပ်တော့တာ
- ပြင်ပဒဏ်ရာမရှိပါဘဲ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက နာကျင်ကိုက်ခဲသလိုမျိုး ခံစားရဝာာ
- ပုံမှန်နိစ္စဓူဝအလုပ်တွေ မလုပ်နိုင်တော့တာ၊ မလုပ်ချင်လောက်အောင် နွမ်းလျလာတာ
- အလုပ်ခွင်မှာ သိသိသာသာရုန်းကန်နေရတာ စသဖြင့်ကြုံလာရတတ်ပါတယ်။
ဒါတွေကို ကြုံနေခံစားနေရတာတွေက ဆက်တိုက်ဆိုသလို ရက်သတ္တပတ်ပေါင်းများစွာ လနဲ့ချီပြီး ကြာမြင့်လာပြီဆိုရင်တော့ ကျွန်မတို့ စိတ်ကလေးဟာ သင့်လျော်တဲ့ကုသမှု သို့မဟုတ် တိုင်ပင်ဆွေးနွေးမှုတစ်ခုကို လိုအပ်လာနေပြီဆိုတဲ့ အသိလေးရပေးပါ။
ယုတ်စွအဆုံး ကုသမှုခံယူဖို့ အဆင်မပြေတဲ့အခြေအနေမျိုး ဖြစ်ခဲ့ရင်တောင် မိမိခံစားနေရတာတွေကို တစ်ယောက်ယောက်ဆီကို ရင်ဖွင့်ပါ၊ ပြောပြပါ၊ မှီခိုပါ။
- စိတ်ခံစားချက်တွေကို ဖော်ပြပါ
- ငိုကြွေးခြင်းဟာ ပျော့ညံ့မှု မဟုတ်ပါ
- ကိုယ့်ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပါ
- မိမိကိုယ်ကို အပြစ်တင်စိတ်တွေကို လျှော့ချပေးပါ
- အကူအညီပေးလာသူရှိရင် လက်ခံပေးပါ
- အကူညီလိုနေသူကိုလည်း ကူညီပေးပါ ဖေးမပေးပါ
- မိမိကိုယ်ကိုယ် ပိုဂရုစိုက်ပေးပါ၊ ထွေးပွေ့ပါ၊ ပိုစိတ်ရှည်ပေးပါ
- စိတ်ဒဏ်ရာကုစားမှုတိုင်းဟာ အချိန်ကြာရှည်နိုင်ကြောင်း နားလည်လက်ခံပေးပါ
- အနားမှာရှိနေသူတွေအပေါ် ပိုဂရုစိုက်ပါ၊ အချိန်ပေးပါ
- အပေါင်းအသင်းမိတ်ဆွေ လူမှုအသိုင်းအဝိုင်းနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံပြောဆိုပေးပါ
ဒါတွေဟာ အခြေခံအားဖြင့် ကျွန်မတို့ကိုယ်တိုင် ပထမဆုံးလုပ်နိုင်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ကျွန်မတို့ဟာ ပူဆွေးဝမ်းနည်းမှုကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ခံစားနေကြရတယ် မဟုတ်ပါလား….။
#Grief&Loss
သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ
စိတ်ပညာလေ့လာသူ ဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.