ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ ၎င်းတို့ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအပေါ် အခြေခံပြီး ၎င်းတို့ရဲ့ခံစားချက်တွေ၊ တုံ့ပြန်မှုတွေကို နားလည်လက်ခံပေးဖို့ အရေးကြီးပါတယ်။
ကလေးတွေဟာ လူကြီးတစ်ယောက်နည်းတူ ထိခိုက်ခံစားကြရပေမယ့် လူကြီးတစ်ယောက်ကဲ့သို့ တုံ့ပြန်ပြုမူနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။
- ယေဘုယျအားဖြင့် ကလေးသူငယ်တွေ ဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါ အောက်ပါအပြုအမူတွေ ဖြစ်ပွားတတ်ပါတယ်။
(၁) စိုးရိမ်ကြောက်လန့်တဲ့ လက္ခဏာတွေပေါ်ခြင်း (မျက်နှာသွင်ပြင်မှာ ကြောက်ရွံ့တဲ့အမူအရာပေါ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်တုန်ယင်ခြင်း၊ ရင်တုန်ခြင်း၊ ဇောချွေးပြန်ခြင်း စသဖြင့်)
(၂) ၎င်းတို့ချစ်ခင်အားကိုးရသူများ ထိခိုက်နာကျင်မှာကို စိုးရိမ်ခြင်း
(၃) ၎င်းတို့ ချစ်ခင်တွယ်တာသူတွေနှင့် ခွဲခွာ၊ ကွဲကွာရမှာကို တွေးတောပူပန်ခြင်း
(၄) ၎င်းတို့နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုက်အမြုံ ပျက်စီးတာ (သို့မဟုတ်) ဖျက်ဆီးခံရတာကို မြင်တွေ့ခံစားရတဲ့အတွက် အံ့ဩတုန်လှုပ်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း စတဲ့ခံစားချက်တွေ ဖြစ်ပေါ်ခြင်း
(၅) မိသားစုဝင်တွေနဲ့ တကွဲတပြားဖြစ်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ တုံ့ပြန်မှုတွေကို တွေ့ရခြင်း (ဥပမာ- စိတ်လုံခြုံမှုပျောက်ဆုံးခြင်း၊ အားငယ်ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ အိပ်မပျော်ခြင်း၊ အစားအသောက်ကျွေးရခက်ခြင်း၊ ငိုကြွေးခြင်း၊ အုပ်ထိန်းသူကို အချိန်ပြည့်တွယ်ကပ်နေလိုခြင်း၊ မပျော်ရွှင်နိုင်ခြင်း)
(၆) အလွန်ငယ်ရွယ်တဲ့ ကလေးများတွင် ငိုကြွေးခြင်း၊ ဂျီကျခြင်းတို့ ဖြစ်တတ်ပြီး ဆယ်ကျော်သက်များတွင် မှိုင်တွေခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ကလန်ကဆန် လုပ်ခြင်း
(၇) အိပ်ချိန်လျော့ခြင်း၊ အိပ်မပျော်ခြင်းနှင့် အိပ်မက်ဆိုးမက်ခြင်း၊ မကြာခဏလန့်နိုးခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။
…
…
အသက်ခြောက်နှစ်နဲ့ ခြောက်နှစ်အောက်ကလေးများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရပါက . . .
- ၎င်းရဲ့ အဓိကပြုစုစောင့်ရှောက်သူ (PRIMARY CARE GIVER SUCH AS MOTHER/FATHER, GRANDMOTHER, NANNY) ကို အလွန်အမင်းတွယ်ကပ်နေခြင်း
- ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်များ နှောင့်နှေးယုတ်လျော့သွားခြင်း (ဥပမာ- စကားစပြောတတ်နေသောကလေးက စကားမပြောတတ်သေးသောကလေးကဲ့သို့ ပြောဆိုပြုမူခြင်း၊ လမ်းလျှောက်တတ်နေပြီးသောကလေးက လေးဘက်တွားသာ သွားတော့ခြင်း၊ ဆီးဝမ်းထိန်းသည့် အမူအကျင့်ရပြီးနေသောကလေးက ဆီးဝမ်းမထိန်းနိုင်တော့ခြင်း စသဖြင့်)
- လှုပ်ရှားမှုနည်းပါးသွားခြင်း (ယခင်က သွက်လက်ချက်ချာသောကလေးက ဘေးအန္တရာယ်ကြုံတွေ့ပြီးနောက်ပိုင်း တွေဝေငေးမောနေခြင်း၊ ငြိမ်သက်တိတ်ဆိတ်သွားခြင်း) သို့မဟုတ် ပုံမှန်ထက် ယောက်ယက်ခတ်လှုပ်ရှားနေခြင်း၊ မကစားတော့ခြင်း သို့မဟုတ် ကစားနည်းဖြင့်ကစားခြင်းမျိုးမဟုတ်ဘဲ ကစားရာတွင်အဓိပ္ပါယ်မဲ့ ထပ်ခါတလဲလဲလုပ်ဆောင်ခြင်း (REPETITIVE PLAY)
- စကားနည်းသွားခြင်း၊ ဆိုးရွားတဲ့အဖြစ်အပျက်များ ထပ်မံဖြစ်ပွားတော့မည်ဟု တွေးတောပူပန်ကာ တုန်လှုပ်ခြောက်ခြားခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အစားပျက်ခြင်း၊ အလွယ်တကူစိတ်ရှုပ်ထွေးတတ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်းနှင့် စိတ်တိုခြင်းတို့ တွေ့ရလေ့ရှိပါတယ်။
တချို့သောကလေးများမှာ ၎င်းတို့အသက်အရွယ်နှင့်မမျှသော မိသားစုတာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ရသည့်အတွက် ပုံမှန်ထက် ခက်ခဲပင်ပန်းကြရတာကိုလည်း တွေ့ရပါတယ်။
…
…
အသက်ခုနစ်နှစ်မှ တစ်ဆယ့်နှစ်နှစ်အရွယ် ကလေးများတွင် အထက်ဖော်ပြပါ လက္ခဏာများအပြင် အာရုံစူးစိုက်မှုနှင့် သင်ယူမှတ်သားနိုင်စွမ်း ကျဆင်းခြင်း၊ လူမှုပတ်ဝန်းကျင်မှ ရှောင်ခွာနေလိုခြင်း၊ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ဆိုးကို ထပ်ခါတလဲလဲပြောဆိုခြင်း၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ ကျောင်းမသွားလိုခြင်း (ကျောင်းတက်ရန် ငြင်းဆိုခြင်း)၊ ခန္ဓာကိုယ်ရောဂါ မရှိသော်လည်း စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင် ခံစားရသော လက္ခဏာတွေ (မူးဝေခြင်း၊ ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခြေလက်ထုံကျဉ်ကိုက်ခဲခြင်း စတာတွေ) မကြာခဏဖြစ်ပွားခြင်း၊ မိမိကိုယ်မိမိ အပြစ်ရှိတယ်လို့ ခံစားနေရခြင်းနှင့် အခြားသူတွေ အပေါ် စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်ပေါ်တတ်တာကို တွေ့ရလေ့ရှိပါတယ်။
…
…
ဆယ်ကျော်သက်ရွယ်များ ဘေးအန္တရာယ်နှင့်ကြုံတွေ့ရသောအခါ အလွန်အမင်း ဝမ်းနည်းကြေကွဲခြင်း၊ မိမိကိုယ်မိမိ အပြစ်ရှိသူလို့ခံစားရခြင်း၊ အခြားသူများကို အကူအညီမပေးနိုင်င်တဲ့အတွက် ရှက်ရွံ့အားငယ်ခြင်း၊ မိမိကိုယ်မိမိ လောကတွင်ကံအဆိုးဆုံးလို့ ခံစားနေခြင်း၊ ပတ်ဝန်းကျင်ရှိလူတွေနဲ့ ဆက်ဆံရေးအဆင်မပြေခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် အနာဂတ်ပျောက်ဆုံးနေသကဲ့သို့ ခံစားရခြင်း၊ မိဘအုပ်ထိန်းသူများရဲ့ ဆိုဆုံးမမှုကိုမနာခံဘဲ ဆန့်ကျင်ခြင်း၊ အန္တရာယ်များသောအပြုမူတွေ သို့မဟုတ် မိမိကိုယ်မိမိ ဖျက်ဆီးရာရောက်တဲ့ အပြုအမူတွေ (ဥပမာ အရက်နှင့်မူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ သေကြောင်းကြံစည်ခြင်း စသဖြင့်) ကို တွေ့ရလေ့ရှိပါတယ်။
…
…
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ယခုဖော်ပြခဲ့တဲ့လက္ခဏာတွေ တွေ့ရှိရပါက စိတ်ဖိစီးမှုတွေအပေါ် တုံ့ပြန်မှုတွေ ဖြစ်နေနိုင်တာကို သတိပြုမိဖို့လိုပါတယ်။
နောက်ပိုစ့်လေးတွေမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို စိတ်ပိုင်းဆိုင်ရာ ကနဦးကူညီစောင့်ရှောက်မှု ဘယ်လိုပေးရမလဲဆိုတာကို ဆက်ပြီးဖော်ပြပါမယ်နော်…။
မေတ္တာများစွာဖြင့်
ဒေါက်တာတီနာ
စိတ်ကျန်းမာ အထူးကုဆရာဝန်တစ်ဦး
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.