ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (Psychological first aid for children and adolescents)
ဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေလည်း လူကြီးတွေလိုပဲ စိတ်ဆင်းရဲ ပူပန်သောကရောက်တတ်ကြပါတယ်။
အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ၎င်းတို့နဲ့ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်၊ ဆရာ/ဆရာမတွေက စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခုပိုစ့်လေးကို တင်ပြလိုက်တာ ဖြစ်ပါတယ်။
…
…
“ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း”
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းဆိုတာ အခက်အခဲနဲ့ ကြုံကြိုက်ကြရတဲ့ ကလေးသူငယ်၊လူရွယ်လူကြီးအားလုံးအတွက် ကနဦးအားပေးကူညီစောင့်ရှောက်ပေးခြင်းပါ။ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ရှေးဦးသူနာပြုစုနည်းတွေသုံးပြီး ပြုစုကုသပေးကြသလိုပဲ လတ်တလော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခံစားနေရသူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းများသုံးပြီး စောင့်ရှောက်ပေးနိုင်ပါတယ်။
ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စတဲ့သဘာ၀ဘေးအန္တရာယ် တွေအပြင် စစ်ပွဲများဖြစ်ပွားခြင်း၊ မီးလောင်ခြင်း၊ ပိုင်ဆိုင်မှုများဆုံးရှုံးခြင်း၊ ချစ်ခင်ရသူများနဲ့ သေကွဲ/ရှင်ကွဲ ကွဲကွာရခြင်း စတဲ့လူကြောင့်ဖြစ်တဲ့ဘေးဒုက္ခများနဲ့ ရင်ဆိုင်ကြရာမှာ ကလေးသူငယ်တွေဟာ ထိခိုက်လွယ်သောသူများ ဖြစ်ကြတဲ့အတွက် အထူးဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။
ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ၎င်းတို့ရဲ့လိုအပ်ချက်တွေကို ဂရုပြုစောင့်ရှောက်ပေးခြင်းက ၎င်းတို့ကြုံတွေ့ခံစားနေရတဲ့ စိတ်ထိခိုက်ပင်ပန်းမှုကို လျော့ပါးသက်သာစေပြီး နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာပြဿနာများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
…
…
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းဆိုတာ မည်သူမဆို လက်တွေ့ကျကျ လွယ်ကူရိုးရှင်းစွာ ဆောင်ရွက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းကို ဆောင်ရွက်ရန် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းဖြစ်ရန် မလိုပါ။ ဒါပေမယ့် အပြုစုခံကလေးသူငယ်ရဲ့ စိတ်ဆန္ဒ၊ ခံစားချက်၊ လိုအပ်ချက်၊ အခွင့်အရေးတွေကို စွက်ဖက်ခြင်း၊ လွှမ်းမိုးချုပ်ခြယ်ခြင်း မလုပ်မိစေဖို့ အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းမှာ အစားအစာ၊ သောက်သုံးရေ၊ နေစရာနေရာ၊ ဆေးဝါးကုသမှု အစရှိတဲ့ အရေးပေါ်လိုအပ်ချက်များရရှိရန် ကူညီပေးခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့နေရလို့ တုန်လှုပ်ခြောက်ခြားနေသူများကို စိတ်တည်ငြိမ်မှုရရှိစေရန် နှစ်သိမ့်အားပေးခြင်း၊ ၎င်းတို့လိုအပ်သော ပံ့ပိုးကူညီမှုများကို ထောက်ပံ့ပေးနိုင်မယ့် အဆက်အသွယ်များ၊ သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းပေးခြင်းနဲ့ ထပ်မံကြုံတွေ့လာရနိုင်သော ဘေးအန္တရာယ်များမှ တားဆီးကာကွယ်ပေးခြင်းတို့ ပါဝင်ပါတယ်။
ကလေးသူငယ်များရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများအပေါ် အခြေခံပြီး ၎င်းတို့ရဲ့ ခံစားချက်များ၊ စိတ်ဖိစီးမှုကို တုံ့ပြန်မှုများအကြောင်းကို အရင်ပိုစ့်လေး တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
အခုပိုစ့်လေးမှာတော့ လက်တွေ့ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များ (Action Principles) နဲ့ မိဘအုပ်ထိန်းသူများနဲ့ ဆရာ/ဆရာမများအတွက် အကြံပြုချက်များကို ဆက်လက်ဆွေးနွေးပါမယ်။
…
…
လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (Action Principles) ကို . . .
(က) ရှာဖွေပါ (Look)
(ခ) နားထောင်ပါ (Listen)
(ဂ) ချိတ်ဆက်ပါ (Link) …. ဆိုပြီး (၃) ပိုင်း ခွဲခြားနိုင်ပါတယ်။
.
(က) ရှာဖွေပါ (Look)
(၁) ဘေးဒုက္ခကြုံတွေ့နေရသူအများကြားမှာ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုအကူအညီလိုအပ်နေသူကို ရှာဖွေပါ။ ရုပ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းကို တစ်ပြိုင်နက်တည်း လိုအပ်နေနိုင်တာကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။
(၂) ဘေးကင်းလုံခြုံတဲ့ နေရာကို ရှာဖွေပါ။ ဘေးအန္တရာယ်ကြုံတွေ့နေရသူကို ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ပါတယ်။ ၎င်းရဲ့ သတင်းအချက်အလက်တွေ လုံခြုံစေရန်လည်း အထူးသတိပြုဖို့ လိုအပ်ပါတယ်။
(၃) အကူအညီလိုအပ်နေသူ၏ အဓိကလိုအပ်ချက် (ဥပမာ အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် ဆေးဝါးကုသမှု) ကို ရှာဖွေပါ။ အကူအညီပေးသူများက စီစဉ်ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စရပ်တွေ အနက် ကလေးသူငယ်တွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေးစဉ်းစားရပါမယ်။ ဥပမာ- အကူအညီပေးမည့်သူတွေက အစားအစာ၊ အဝတ်အထည်နှင့် ဆေးဝါးကုသမှုကို စီစဉ်ထားပေမယ့် ကာယကံရှင်ကလေးသူငယ်က မိသားစုဝင်များနဲ့ ပြန်လည်ပေါင်းစည်းနေထိုင်ရန် တောင်းဆိုပါက ၎င်းရဲ့ တောင်းဆိုချက်ကို ဦးစွာဆောင်ရွက်ပေးရန် ကြိုးစားရပါမယ်။
ဒါ့အပြင် ကလေးသူငယ်ကို စောင့်ရှောက်ပေးနေသူ မိဘအုပ်ထိန်းသူတွေ ခံစားနေရတဲ့ ပြင်းထန်စိတ်ဖိစီးမှုများကိုလည်း ရှာဖွေကြည့်မြင်တတ်ဖို့ လိုအပ်ပါတယ်။
.
(ခ) နားထောင်ပါ (Listen)
စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်တွေနဲ့ တွေ့ဆုံစကားပြောရာမှာ နည်းမှန်လမ်းမှန် ချဉ်းကပ်ဖို့ အရေးကြီးပါတယ်။ ၎င်းတို့နဲ့ တွေ့ဆုံစကားပြောခြင်း၊ ၎င်းတို့ရဲ့ ခံစားချက်တွေကို နားထောင်ပေးခြင်းအားဖြင့် ၎င်းတို့ကို စိတ်တည်ငြိမ်မှု၊ စိတ်သက်သာမှုရစေရန် ကူညီရာရောက်ပါတယ်။ ၎င်းတို့ကပြောပြလာတဲ့ စိတ်ခံစားချက်များ၊ လိုလားမှုများ၊ လိုအပ်ချက်ချက်များကို ဂရုတစိုက်နားထောင်ခြင်းဖြင့် သိနိုင်ပါတယ်။ ကလေးသူငယ်များဟာ ၎င်းတို့ကြုံတွေ့ခံစားရသည်များ၊ လိုအပ်ချက်များကို သူစိမ်းတစ်ဦးနဲ့ ကနဦးတွေ့ဆုံမှုတွင် လွယ်ကူစွာပြောထွက်နိုင်ရန် သိပ်မဖြစ်နိုင်ပါ။ ဒီလိုအခြေအနေမှာ အကူအညီပေးသူများအနေဖြင့် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနားထောင်ပေးရပါမယ်။ မိမိကပြောတာထက် အကူအညီလိုအပ်နေသော ကလေးသူငယ်က ပြောတာကို ကိုယ်ချင်းစာစိတ်နှင့် စာနာနားထောင်ပေးဖို့ အထူးအရေးကြီးပါတယ်။
.
(ဂ) ချိတ်ဆက်ပါ (Link)
ကလေးသူငယ်တွေဟာ ၎င်းတို့ရဲ့လိုအပ်ချက်များ၊ လိုလားမှုများ၊ ကြုံတွေ့ခံစားနေသည်များကို ၎င်းတို့ကိုယ်တိုင် သိရှိနားလည်နိုင်ရန် အကူအညီလိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုသူတွေအနေနဲ့ ဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရတဲ့ ကလေးသူငယ်များကို ၎င်းတို့ရဲ့အခက်အခဲ၊ လိုအပ်ချက်၊ လိုလားချက်များကို ၎င်းတို့ကိုယ်တိုင် နားလည်သဘောပေါက်စေဖို့အတွက် ကူညီပေးရပါမယ်။ ၎င်းတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ့် အရင်းအမြစ်၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေထံ ချိတ်ဆက်ပေးရပါမယ်။ ဥပမာ အနီးဆုံးဆေးကုသမှုပေးနိုင်မယ့်နေရာသို့ လွှဲပို့ခြင်း၊ ဥပဒေရေးရာ ဆောင်ရွက်ပေးနိုင်မယ့်သူနဲ့ ချိတ်ဆက်ခြင်း၊ ကွဲကွာနေတဲ့ မိသားစုဝင်များကို ကူညီရှာဖွေပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခြင်း စသဖြင့်။
ချိတ်ဆက်ဆောင်ရွက်ရာမှာ အကူအညီပေးသူများအနေနဲ့ မိမိတို့ပေးလိုက်တဲ့ သတင်းအချက်အလက်တွေဟာ တိကျမှန်ကန်ဖို့လိုအပ်ပြီး အပြောင်းအလဲတွေကို အချိန်နဲ့တပြေးညီ ပြောင်းလဲပြင်ဆင်ထားဖို့ လိုပါတယ်။
…
…
မိဘအုပ်ထိန်းသူများနဲ့ ဆရာ/ဆရာမများအတွက် အကြံပြုချက်များ
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များကို ၎င်းတို့ရဲ့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်စေရပါ။ စာရေးဆက်သွယ်ခြင်း၊ တယ်လီဖုန်းပြောခြင်း၊ ဆိုရှယ်မီဒီယာတွေမှတစ်ဆင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်တွေကို မလိုအပ်ဘဲ မိသားစုဝင်များနဲ့ ခွဲထားခြင်းကို ရှောင်ရှားသင့်ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်တွေရဲ့ အခြေခံလိုအပ်ချက်များကို ဂရုပြုဖြည့်ဆည်းပေးရပါမယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်တွေရဲ့အသုံးအဆောင်များနဲ့ နေ့စဉ်လုပ်ဆောင်နေကျ နိစ္စဓူဝကိစ္စများကို မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမယ်။ ၎င်းတို့အတွက် လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များအား ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များနဲ့ ဆက်လက်ဖြစ်ပွားနိုင်သည်တို့ကို ၎င်းတို့နားလည်သဘောပေါက်နိုင်တဲ့ အတိုင်းအတာအထိ ရှင်းလင်းပြောပြရပါမယ်။
မိဘအုပ်ထိန်းသူများကိုယ်တိုင်လည်း ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများဖြစ်တဲ့အတွက် မိမိတို့လည်း စိတ်ထိခိုက်ပင်ပန်းမှုကို ခံစားနေရနိုင်တာကို သတိပြုမိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အုပ်ထိန်းသူများရဲ့ ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးကို အထူးဂရုပြုရန် လိုအပ်ပါတယ်။ မိဘအုပ်ထိန်းသူများအနေနဲ့ ကလေးသူငယ်များရဲ့လိုအပ်ချက်များကို လျစ်လျူမရှုမိဖို့ အရေးကြီးပါတယ်။ ကလေးကို ထိရောက်စွာ ပြုစုစောင့်ရှောက်နိုင်ရန်နဲ့ မိမိကိုယ်တိုင်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။
ကလေးသူငယ်များကို အနိဌာရုံမြင်ကွင်းများနဲ့ဆက်စပ်တဲ့ မြင်ကွင်း၊ အသံ၊ အနံ့အသက်၊ အခြေအနေများနှင့် တတ်နိုင်သမျှ ဝေးဝေးနေနိုင်ရန် စီစဉ်ပါ။ လုံခြုံစိတ်ချရပြီး အခြားသူများနဲ့ အတူ နေထိုင်နိုင်မယ့်နေရာကို ရှာဖွေပါ။ မိမိရဲ့ကလေးကို မိမိတို့ အတူတူရှိနေကြတဲ့အတွက် ဘေးကင်းစိတ်ချရကြောင်းနဲ့ မိမိက ကလေးကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ကာကွယ်မှာဖြစ်တဲ့အကြောင်း အသိပေးပြောကြားပါ။ ကလေးကို အနိဌာရုံမြင်ကွင်းတွေ၊ ဘေးဒုက္ခကြုံလာရသူတွေနဲ့ တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဆိုရှယ်မီဒီယာများကို ကြည့်ရှုခြင်းကို ရှောင်ရှားရပါမယ်။ ကလေးကိုစကားပြောဆိုရာမှာ တည်ငြိမ်အေးဆေးစွာ ပြောဆိုဖို့နဲ့ ကလေးကိုပွေ့ဖက်ထားခြင်း၊ လက်ချင်းဆုပ်ကိုင်ပေးထားခြင်း၊ အတူထိုင်ပြီး အချိန်ပေးစကားပြောဆိုပေးခြင်း၊ အချိန်ပေးနားထောင်ပေးခြင်း၊ ကလေးစိတ်ဝင်စားတဲ့ကစားနည်းကို အတူကစားပေးခြင်း စတဲ့နည်းတွေနဲ့ စိတ်သက်သာရာရအောင် ကူညီပေးနိုင်ပါတယ်။
ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရပြီးနောက် ကလေးရဲ့တုံ့ပြန်မှုများ၊ ကလေးရဲ့ခံစားချက်များကို မိဘအုပ်ထိန်းသူများနဲ့ ဆရာ/ဆရာမများက နားလည်လက်ခံပေးဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များကို လိမ်လိမ်မာမာနေဖို့၊ ကောင်းမွန်စွာပြုမူပြောဆိုဖို့၊ မကြောက်တတ်ဖို့၊ သတ္တိရှိဖို့၊ ငတုံး/ငအကဲ့သို့မပြုမူဖို့ ဇွတ်အတင်းမတိုက်တွန်းရပါ။ သူတို့ရဲ့ ငိုကြွေးလိုခြင်း၊ ရင်ဖွင့်ပြောပြလိုခြင်းများကို ခွင့်ပြုပေးဖို့ လိုအပ်ပါတယ်။ သူတို့သိလိုတဲ့အတွက် မေးမြန်းလာတဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ ဖြေဆိုပေးရန် လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်များသိရန် မလိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းပြောဆိုရန် မလိုပါ။
ကလေးသူငယ်များကို ၎င်းတို့ခံစားနေရတဲ့ လက္ခဏာများဟာ ဖြစ်လေ့ရှိသော သဘောသာဖြစ်ကြောင်းနဲ့ မကြာမီ သက်သာပျောက်ကင်းသွားမှာဖြစ်ကြောင်း နှစ်သိမ့်ပေးရပါမယ်။ စိုးရိမ်စိတ်ကြောင့် ခံစားရသောဝေဒနာများကို သက်သာစေဖို့ အသက်ရှူလေ့ကျင့်ခန်း၊ ကြွက်သားများဖြေလျှော့သည့်လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်း စတာတွေကို မိမိနှင့်ကလေး အတူတကွ လုပ်ခြင်းဖြင့် ကူညီပြသပေးနိုင်ပါတယ်။ ကလေးရဲ့ ပုံမှန်တစ်နေ့တာ လုပ်ငန်းဆောင်တာများကို မပျက်ယွင်းဘဲ ဆက်လက်လုပ်ဆောင်နိုင်စေရန် ကူညီပေးရပါမည်။ မိဘအုပ်ထိန်းသူများကိုယ်တိုင်ပင်လျှင် အခြားမိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ်စေဖို့ ဂရုပြုပြီး အကူအညီ လိုအပ်ပါက ၎င်းတို့ထံ အကူအညီတောင်းခံသင့်ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များကို ၎င်းတို့စိတ်ဝင်စားတဲ့ ကျောင်းပြင်ပလှုပ်ရှားမှုများဖြစ်တဲ့ အားကစား၊ ပန်းချီ၊ ဂီတ၊ သစ်ပင်စိုက်ခြင်း၊ လက်မှုလုပ်ငန်း စတာတွေကို လုပ်ဆောင်စေခြင်းက ၎င်းတို့ရဲ့ဝေဒနာကို လျင်မြန်စွာ သက်သာပျောက်ကင်းနိုင်စေပါတယ်။
အချုပ်အားဖြင့်ပြောရရင် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များကို ၎င်းတို့ဟာ စိတ်ရောကိုယ်ပါဘေးကင်းလုံခြုံနေပြီး မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများက စာနာနားလည်စွာ ကူညီစောင့်ရှောက်ပေးနေတယ်လို့ ခံစားရမိစေခြင်းဟာ ၎င်းတို့ရဲ့ စိတ်ဒဏ်ရာများကို အောင်မြင်စွာကျော်ဖြတ်သွားနိုင်မယ့် ပထမဆုံးခြေလှမ်းပင် ဖြစ်ပါတယ်။ နွေးထွေးလုံခြုံတဲ့ လူမှုအသိုက်အဝန်းမှာ တည်ရှိနေတယ်လို့ ခံစားရစေခြင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသော ကလေးသူငယ်များကို နောက်ဆက်တွဲ စိတ်ဝေဒနာများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်……။
စိတ်ကျန်းမာရေးဆရာဝန်တစ်ဦး
Telekyanmar
Ref : 📚
https:// pscentre. org /resource/video-psychological-first-aid-look-listen-link/
https:// www. unicef. org /myanmar/my/%E1%80%87%E1%80%AC%E1%80%90%E1%80%BA%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%9B%E1%80%BE%E1%80%B1%E1%80%B8%E1%80%A6%E1%80%B8%E1%80%9E%E1%80%B0%E1%80%94%E1%80%AC%E1%80%95%E1%80%BC%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.